COVID-19 ကပ်ရောဂါကာလအတွင်း အစိုးရအနေဖြင့် ထောက်ပံ့ငွေ ကျပ် ၁၉၀၀ ဘီလီယံကျော်သုံးစွဲထား

COVID-19 ကပ်ရောဂါကာလအတွင်း အစိုးရအနေဖြင့် ထောက်ပံ့ငွေ ကျပ် ၁၉၀၀ ဘီလီယံကျော်သုံးစွဲထား
ဓာတ်ပုံ - Mizzima LiveTeam

စက်တင်ဘာ ၅ရက်

မြန်မာနိုင်ငံတွင် မတ်လမှ စတင်ကာ COVID-19ကပ်ရောဂါဖြစ်ပွားခဲ့ပြီး ယခုစက်တင်ဘာလအထိ ခြောက်လအတွင်း အစိုးရ၏ ထောက်ပံ့မှုများအနေဖြင့် ကျပ် ၁၉၀၈ ဒဿမ ၀၈၅ ဘီလီယံအထိ ကျခံသုံးစွဲထားကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

စက်တင်ဘာ ၄ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ပြောရရင်တော့ ပြည်သူလူထုနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ ထောက်ပံ့ကူညီမှု စုစုပေါင်း ဘီလီယံပေါင်း ၁၉၀၈ ဒဿမ ၀၈၅ဘီလီယံပေါ့ ဒါလေးတွေ ထောက်ပံ့ကျခံနေတာရှိပါတယ်" ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ထိုကျခံသုံးစွဲထားသောငွေကြေးထဲတွင် ချေးငွေများထုတ်ပေးခြင်းနှင့် ထာက်ပံ့ငွေများပေးခြင်းတို့ပါဝင်သည်။

အစိုးရအနေဖြင့် COVID-19ကပ်ရောဂါကာလတွင် ပထမဆုံးအကြိမ်အဖြစ်ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားလူဦးရေ ၅ဒသမ ၃သန်းအားဧပြီလအတွင်းက ရိက္ခာငါးမျိုးထောက်ပံ့ပေးအပ်ခဲ့ခြင်းတွင် ၇၁ ဒဿမ ၁၀၃ ဘီလီယံကျခံခဲ့သည်။ နောက်ပိုင်းတွင် ရိက္ခာငါးမျိုး မဝေငှတော့ပဲ  အိမ်ထောင်စု တစ်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် နှစ်ကြိမ်ခွဲပြီးထောက်ပံ့ပေးအပ်ခဲ့ရာတွင် ၂၁၈ ဒဿမ ၁၁၂ ဘီလီယံ ကျခံခဲ့သည်။

COVID-19ကပ်ရောဂါကာလအတွင်း တတိယအကြိမ်အဖြစ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် နှစ်သောင်း ဖြင့် အိမ်ထောင်စု ၅ ဒဿမ ၆သန်းကို ကျပ် ၁၁၃ ဒဿမ ၅၃၅ ဘီလီယံ ကျခံ၍ ထောက်ပံ့ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

"အခုနောက်တစ်ကြိမ်ပေါ့နော်၊ နောက်တစ်ကြိမ် ကျွန်တော်တို့က အိမ်ထောင်စုပေါင်း ၅ ဒဿမ ၆သန်းကို တတိယအကြိမ်အနေနဲ့ ထောက်ပံ့ပေးဖို့ရှိပါတယ်။ အိမ်ထောင်စုတစ်စုကို နှစ်သောင်းနှုန်းနဲ့ ၁၁၃ ဒဿမ ၅၃၅ ဘီလီယံ ကျခံပြီးတော့ မကြာခင်ကာလမှာ ထောက်ပံ့ပေးဖို့ရှိပါတယ်" ဟု ဦးဇော်ဌေးက ပြောသည်။

ယခုသုံးစွဲမှုများသည် အစိုးရ၏ငွေကြေးများဖြစ်ပြီးလူထုအဖွဲ့အစည်းများနှင့်အလှူရှင်များ၏ငွေကြေးများပါဝင်ခြင်းမရှိကြောင်းသိရသည်။လက်ဘက်ရည်ဆိုင်များ၊ လမ်းဘေးဈေးသည်များအား သက်သာသည့်နှုန်းထားဖြင့် ချေးငွေထုတ်ချေးခြင်းတွင် ကျပ်ဘီလီယံ ၁၀၀ ၊ အသေးစား ချေးငွေလုပ်ငန်းများမှတစ်ဆင့် တစ်ပိုင်တစ်နိုင်ချေးယူသူများအတွက် ကျပ်ဘီလီယံ ၁၀၀ ၊ အသေးစားနှင့် အလတ်စားချေးငွေ လုပ်ငန်းများအတွက် ထုတ်ချေးခြင်း တွင် ကျပ်ဘီလီယံ ၂၀၀ ရှိခဲ့သည်။

 COVID-19 ကပ်ရောဂါ ကာလတွင် တောင်သူလယ်သမားများအတွက် တစ်ဧကလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ခြင်းအတွက် ကျပ်ဘီလျံ ၆၀၀ ထောက်ပံ့ခဲ့သေးသည်။
" လယ်ယာစိုက်ပျိုးရေးဘဏ်ကနေပြီးတော့ အထူးသဖြင့် ဒီကာလမှာ တောင်သူလယ်သမားတွေဝင်ငွေရဖို့အတွက် ဝင်ငွေတစ်နည်း တစ်လမ်းနဲ့ရမယ့် လုပ်ငန်းစဉ်တွေ ရှိပါတယ်''ဟုဦးဇော်ဌေးကဆိုသည်။

စပါးမျိုးစေ့ထုတ်ပေးခြင်း၊ငါးမျိုးတွေနဲ့ ငါးသားပေါက်များ ဖြန့်ဖြူးပေးခြင်းတို့ကဲ့သို့လုပ်ငန်းများအတွက်  ၉၂ ဒသမ ၆၁၂ ဘီလီယံသုံးစွဲမည်ဖြစ်သည်။ လူမှုရေးကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသက် ၈၀ ကနေ ၈၀ ကြား သက်ကြီး ရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများနှင့် စေတနာ့ဝန်ထမ်းများအားထောက်ပံ့ပေးမှုများလည်းရှိကြောင်း ဦးဇော်ဌေးက ပြောသည်။

လျှပ်စစ်ဓာတ်အား ကင်းလွတ်ခွင့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ဆိုပါက ကျပ် ၁၀၇ ဒသမ ၃၇၉ ဘီလျံ အစိုးရမှ ကျခံထားသည်။တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် ပုဂ္ဂလိကအား တင်ဒါများ ခေါ်ယူပြီး မီးစက်နှင့် လျှပ်စစ်ဓာတ်အားများ ပေးဝေပေးခဲ့သည့် ကုန်ကျငွေ ၁ ဒဿမ ၅၁၈ ဘီလီလျံ ကိုအစိုးရက ကျခံသုံးစွဲခဲ့သည်။

ရခိုင်ပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စစ်ရှောင်စခန်းများတွင် နေထိုင်သူများ၊ မသန်စွမ်းများ၊ အနာကြီးရောဂါသည်များ၊ လူကုန်ကူးခံရသူများအတွက် စုစုပေါင်း ကျပ် ၃၅ ဒဿမ ၉၂၃ဘီလီယံ ကျခံခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနမှ ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ဆေးပစ္စည်း၊ ဆေးကိရိယာ၊ PPE စသည်တို့ ဝယ်ယူရာတွင် ကျပ် ၂၆၇.၉၀၃ ဘီလီယံ ကျခံခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly