ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု ၁ လပြည့်အထိမ်းအမှတ် ပြည်သူများစုဝေးဆန္ဒပြ

By AFP
05 September 2020
ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု ၁ လပြည့်အထိမ်းအမှတ် ပြည်သူများစုဝေးဆန္ဒပြ

စက်တင်ဘာ ၅

လူပေါင်း ၁၉၀ ကျော်ကိုသေစေခဲ့တဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းမြို့က ကုန်လှောင်ရုံပေါက်ကွဲမှုဟာ စက်တင်ဘာ ၄ ရက်နေ့မှာ တစ်လပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။  

ဘေရွတ်မြို့က ပြည်သူတွေဟာ သောကြာနေ့က ဆိပ်ကမ်းပေါက်ကွဲမှု တစ်လပြည့်အထိမ်းအမှတ်အဖြစ် လမ်းမတွေထက်မှာ စုဝေးဆန္ဒပြခဲ့ကြပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။

ဩဂုတ်လ ၄ ရက်နေ့ ညနေ ၆ နာရီ ၈ မိနစ်ခန့်က ဆိပ်ကမ်းမှာ အမိုနီယမ်နိုက်ထရိတ်တွေ သိုလှောင်ထားတဲ့ ကုန်လှောင်ရုံတစ်ခု ကနဦးပေါက်ကွဲမှုဖြစ်ခဲ့ပြီး မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။  

အဲဒီနောက် ဧရာမပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး သင်္ဘောကျင်းတွေနဲ့ အနီးအနားက အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့တာဖြစ်ပါတယ်။  

ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ဝန်ကြီးချုပ် ဟက်ဆန်ဒီယက်နဲ့ အစိုးရအဖွဲ့ဟာ နုတ်ထွက်သွားခဲ့ပါတယ်။  

အဆိုပါ အမိုနီယမ် နိုက်ထရိတ်တွေကို သယ်ဆောင်လာတဲ့ Rhosus သင်္ဘောဟာ ၂၀၁၃ ခုနှစ်က နည်းပညာပြဿနာကြောင့် ဘေရွတ်မှာဆိုက်ကပ်ခဲ့တာဖြစ်ပြီး ဂျော်ဂျီယာကနေ မိုဇမ်ဘစ်နိုင်ငံကို ဦးတည်ထွက်ခွါလာတာဖြစ်ပါတယ်။

ဆိပ်ကမ်းအာဏာပိုင်တွေက သင်္ဘောပေါ်က အမိုနီယမ်နိုက်ထရိတ်တွေကို ကုန်လှောင်ရုံမှာ ပြောင်းရွှေ့သိုလှောင်ခဲ့တာပါ။  

ဆိပ်ကမ်းပေါက်ကွဲမှုကြောင့် ၁၉၁ ဦးသေဆုံးခဲ့ကာ လူပေါင်းများစွာပျောက်ဆုံးနေဆဲဖြစ်ပြီး ၆ ၅၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ ၃၀၀ ၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ခန့်မှန်းချက်အရ ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ  အမေရိကန်ဒေါ်လာ ၂.၉ နဲ့ ၃.၅ ဘီလီယံအကြားရှိနိုင်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required