COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်အပေါ် ဒေါက်တာ ဦးမြင့်က သဘောထားမှတ်ချက်ပေး

COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်အပေါ် ဒေါက်တာ ဦးမြင့်က သဘောထားမှတ်ချက်ပေး

စက်တင်ဘာ ၅၊ ၂၀၂၀

COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ အစိုးရက ပြီးခဲ့သည့် ဧပြီလအတွင်း ထုတ်ပြန်ခဲ့သည့် “COVID-19 စီးပွားရေးထိခိုက်မှု သက်သာ  ရေးစီမံချက်” (Overcoming as One: COVID-19 Economic Relief Plan - CERP) အပေါ် စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က စာမျက်နှာ ၃၁ မျက်နှာပါ ဝေဖန်သုံးသပ်သည့် သဘောထားမှတ်ချက်ကို ရေးသား ခဲ့သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ရေးဆွဲထားသည့် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်တွင် ကဏ္ဍစုံခြုံငုံအောင် ရေးဆွဲထားပြီး ရည်ရွယ်ချက် ၇ ခု၊ ဗျူဟာ ၁၀ ခုနှင့် လုပ်ငန်း အကောင်အထည် ဖော် ဆောင်ရွက်မှု အစီအစဉ်များ ပါဝင်သည်။

ဩဂုတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထွက်ပေါ်လာသည့် ဒေါက်တာ ဦးမြင့်၏ စာတမ်းကို “Comments on Myanmar’s COVID-19 Economic Relief Plan (CERP)” ဟု အမည်ပေးထားပြီး ခေါင်းစဉ်ငယ် ၆ ခု၊ စာပိုဒ်ပေါင်း ၉၅ ပိုဒ်ဖြင့် စေ့စပ်စွာ ဝေဖန်သုံးသပ် မှတ်ချက်ပေးထားခြင်းဖြစ်သည်။

ခေါင်းစဉ်ငယ်များမှာ နောက်ခံ၊ မြန်မာ ရွှေ့ပြောင်းလုပ်သားများနှင့် စင်ကာပူ သင်ခန်းစာ၊ ၁၉၁၈ စပိန်တုပ်ကွေး ကပ်ရောဂါမှ သင်ခန်းစာများ၊ ၂၀၁၄-၂၀၁၆ အီဘိုလာ ကပ်ရောဂါမှ သင်ခန်းစာများ၊ COVID-19 စာရင်းအင်း နှင့် အချက်အလက် သုံးသပ်ချက်၊ မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခြင်းကို ကိုင်တွယ်ခြင်း တို့ဖြစ်သည်။

စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က အစိုးရ၏ စီမံချက်စာတမ်း ခေါင်းစဉ်ဖြစ်သည့် Overcoming as One: COVID-19 Economic Relief Plan ခေါင်းစဉ်ပါ "as One" နှင့် "Economic" စကားလုံး တစ်လုံးစီကအစ ဆန်းစစ်သုံးသပ်ထားသည်ကို ဖတ်ရှုရသည်။

ဥပမာအားဖြင့် as One တွင် stakeholder များ၊ လူ့အဖွဲ့အစည်းများ၊ ကော်မရှင်များ၊ နိုင်ငံရေးပါတီများ ပါဝင်သော်လည်း သြဇာတိက္ကမရှိသည့် ဆရာတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ တပ်မတော်၊ တိုင်းရင်း သားလူနည်းစု၊ အများလေးစားသော ပညာရှင်များ၊ အတတ်ပညာရှင်များနှင့် ကျွမ်းကျင်ပညာသည်များ၊ မီဒီယာ၊ UMFCCI, အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ အရပ်ဖက် အဖွဲ့အစည်း စသည်များ ကျန်နေသည်ဟု ထောက်ပြထားသည်။

ခေါင်းစဉ်ပါ Economic စကားလုံးနှင့် ပတ်သက်၍လည်း ဘာကြောင့် စီးပွားရေးတစ်ခုတည်း ဖြစ်ရသနည်း၊ ဗိုင်းရပ်စ်ကြောင်း သက်ရောက်မှုရှိမည့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပထဝီရေးရာ၊ သဘာဝ ပတ်ဝန်းကျင်၊ ဘာသာရေး၊ လူနေမှုပုံစံများနှင့် အလုပ်သမားရေးရာတို့တွင်ရော မည်သို့လုပ်မည်နည်းဟု မေးခွန်းထုတ်ထားသည်ကို တွေ့ရသည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဘောဂဗေဒဖြင့် ဒေါက်တာဘွဲ့ (Ph.D) ရရှိခဲ့သူ ဒေါက်တာ ဦးမြင့်သည် ထွန်း ကော်မာရှင်ဘဏ်၏ ဒါရိုက်တာ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ စီးပွားရေး အကြံပေးနှင့် ယခင် သမ္မတဟောင်း ဦးသိန်းစိန်၏ စီးပွားရေးအကြံပေးအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခြင်းကို ဇွန်လ ၁၆ ရက်နေ့က နေပြည်တော်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေး ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ CERP နှင့် Economic Recovery Plan ရေးဆွဲသူ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့နှင့် Video conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

CERP နှင့် ပတ်သက်၍ ဒေါက်တာ ဦးမြင့်၏ စာတမ်းမတိုင်ခင် Transitional Institute ကလည်း “COVID-19 အရေးပေါ် စီးပွားရေးကုစားမှု အစီအစဉ်အတွက် စဉ်းစားချက်များ” ခေါင်းစဉ်ဖြင့် ဝေဖန်သုံးသပ်ချက် ဆောင်းပါးတစ်ခုကို ရေးသားဖော်ပြခဲ့ဖူးသော်လည်း ယျေဘုယျ သုံးသပ်ချက်မျှသာ ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly