ရန်ကုန်ရှိ Stay Home သတ်မှတ်ထားသည့် မြို့နယ်များမှ လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် စတင်ရောင်းချ

ရန်ကုန်ရှိ Stay Home သတ်မှတ်ထားသည့် မြို့နယ်များမှ လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် စတင်ရောင်းချ
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

စက်တင်ဘာ ၃ ရက်

ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home အဖြစ်သတ်မှတ်ထားသော မြို့နယ်ခုနှစ်မြို့နယ်ရှိ လက်ဖက်ရည် ဆိုင်နှင့်စားသောက်ဆိုင်များတွင် စက်တင်ဘာ ၃ရက်မှစတင်ကာ ပါဆယ်စနစ်ဖြင့် ရောင်းချနေကြောင်း သိရသည်။

စက်တင်ဘာ၂ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သည့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် များအား ပါဆယ်ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒါကတော့ နှစ်ပိုင်းပေါ့နော်။ တစ်ဖက်ကလည်း စားသုံးသူ demand ရှိတယ်။ အမှန်တကယ်စားချင်တဲ့ သူရှိတယ်။ တစ်ဖက်ကလည်း SMEတွေကိုမထိခိုက်ဖို့က စီးပွားရေးကလည်း ကျွန်တော်တို့က တာဝန်ရှိနေ တယ်။ ဘာဖြစ်လို့ ပါဆယ်ရောင်းခိုင်းရတာလဲဆိုတာက နှစ်ပိုင်းပေါ့။ စားသုံးသူကလည်း အမှန်တကယ်စားသုံး သူတွေအတွက် ကျတော့လိုတာပဲ။ ဒီလုပ်ငန်းစဉ်တွေအတွက် ရပ်တည်ဖို့အတွက် ဝန်ကြီးချုပ်က ထည့်စဉ်းစားရ တာပေါ့။ အဲ့ဒါကြောင့်မို့ ဆိုင်ထိုင်ရောင်းတာကို လက်မခံဘူး။ take away ပဲ လက်ခံမယ်ဆိုတဲ့ ပေါ်လစီအတိုင်း ပဲ သွားတာပေါ့" ဟု ပုဇွန်တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်များသာမက အခြားမြို့နယ်များတွင်လည်း လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ယနေ့ စက်တင်ဘာ ၃ရက်နေ့မှစတင်ကာ ပါဆယ် စနစ်ဖြင့်ရောင်းချနေကြောင်း သိရသည်။

ကိုဗစ်-၁၉ အတည်ပြုလူနာများသည့် မြို့နယ်လည်းဖြစ်၊ Stay at Homeအစီအစဉ်တွင် ပါဝင်သော မြို့နယ်လည်းဖြစ်သည့်  သင်္ဃန်းကျွန်း မြို့နယ်တွင် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ  အနေဖြင့် မိမိမြို့နယ်အတွင်း ကူးစက်မူထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် စုဝေးစားသောက်ခြင်းများကို ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပြီးဖြစ်သဖြင့် ကူညီလိုက်နာဆောင်ရွက်ပေးရန် မေတ္တာရပ်ခံအပ်ကြောင်း အသိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

"ကျွန်တော်တို့က အဲ့ဟာကို အမိန့်ထုတ်တာမဟုတ်ပါဘူး။ စာမှာကိုက မေတ္တာရပ်ခံတာပေါ့နော်။ ဒီနေ့ ကျွန်တော်တို့လှည့်ပတ်ကြည့်မယ်။ လှည့်ပတ်ကြည့်လို့ ကျွန်တော်တို့ ထုတ်ထားတာတွေကို မလိုက်နာဘူး ဆိုရင်တော့ ဒုတိယအကြိမ်ထပ်ပြီးတော့ သတိပေးမှာပေါ့နော်။ ပြောလို့မရတော့ဘူးဆိုရင်တော့ ဥပဒေအရ အရေးယူရတော့မှာပေါ့" ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြော သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁ရက်နေ့ညပိုင်းက ရန်ကုန်မြို့မှ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင် နှင့် မင်္ဂလာဒုံမြို့နယ်တို့အား  ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ရေးအတွက် နေအိမ်တွင်နေထိုင်ရေး (Stay at home) သတ်မှတ်လိုက်ကြောင်း ကြေညာခဲ့သည်။  

အဆိုပါမြို့နယ်များတွင် နေထိုင်သည့်ပြည်သူများအနေဖြင့် အစိုးရ ဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန် ဖြင့် သွားရောက်သူမျာမှအပ အခြားသူများသည် မိမိနေ အိမ်တွင်သာနေထိုင်ရန်၊ မ ဖြစ်မနေဈေးဝယ်ရန် တစ်အိမ် လျှင် တစ်ဦးသာ သွားရောက်ရန် နှင့် ဆေးရုံဆေးခန်းသွားရန်ရှိလာ ပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရမည်ဖြစ်သည်။  

ထို့အပြင် နေအိမ်မှ ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်းတပ်ဆင် ရမည်ဖြစ်ပြီး ခွင့်ပြုထားသည့်လုပ်ငန်းများသို့ ကြိုပို့ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန်နှင့် ရပ်ကွက်အတွင်းဈေးဝယ်ခြင်း အတွက်ယာဉ် မောင်းအပြင် တစ်ဦးနှင့်ဆေးရုံဆေးခန်းသွားခြင်းအတွက် ယာဉ်မောင်းအ ပြင်နှစ်ဦးသာ သွားရမည်ဟု သတ်မှတ်သည်။  

ထိုအမိန့်များအား မလိုက်နာပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူမည်ဟု ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။  

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၃ရက် နံနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၅၈ ဦးအထိ ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly