ဖျော်ဖြေရေးအစီအစဉ်များထုတ်လုပ်ရန် မင်းသားဟယ်ရီတို့ဇနီးမောင်နှံက Netflix နှင့် စာချုပ် ချုပ်ဆို 

By CNAlifestyle  
03 September 2020
ဖျော်ဖြေရေးအစီအစဉ်များထုတ်လုပ်ရန် မင်းသားဟယ်ရီတို့ဇနီးမောင်နှံက Netflix နှင့် စာချုပ် ချုပ်ဆို 

စက်တင်ဘာ ၃  

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် အမေရိကန်သူ ဇနီး မက်ဂန်တို့သည် ဖျော်ဖြေရေးပရိုဂရမ်အမျိုးမျိုးထုတ်လုပ်ရန် Netflix နှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့ကြောင်း ကုမ္ပဏီက ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂ ရက်) တွင်ပြောကြားခဲ့သည်။ 

သားဖြစ်သူ အာချီနှင့်အတူ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာဘာဘရာသို့ပြောင်းရွှေ့ခဲ့သည့် ဟယ်ရီတို့ဇနီးမောင်နှံသည်  မှတ်တမ်းရုပ်ရှင်များ၊ မှတ်တမ်းစီးရီးများ၊ ရုပ်ရှင်များ၊ တီဗီရှိုးများနှင့် ကလေးအစီအစဉ်များကို ထုတ်လုပ်သွားမည်ဖြစ်သည်။  

“ဗဟုသုတအကြောင်းအရာတွေသာမကဘဲ မျှော်လင့်ချက်ပါပေးတဲ့အစီအစဉ်တွေကို အလေးထား ထုတ်လုပ်သွားမှာပါ။ အားတက်စရာဖြစ်စေမယ့် မိသားစုပရိုဂရမ်တွေကလည်း ကျွန်တော်တို့တွက် အရေးကြီးပါတယ်” ဟု ဟယ်ရီတို့စုံတွဲက ထုတ်ပြန်ခဲ့သည်။ 

ဟယ်ရီတို့ဇနီးမောင်နှံသည် ဗြိတိန်တော်ဝင်မိသားစုအရိုက်အရာမှ နုတ်ထွက်ပြီးနောက် ခြောက်လအကြာတွင် ယခုကဲ့သို့ ဖျော်ဖြေရေးကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။  

မင်းသားဟယ်ရီသည် မှတ်တမ်းရုပ်ရှင် Rising Phoenix ရိုက်ကူးသူများနှင့်လည်း နီးကပ်စွာလုပ်ကိုင်ခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်က အဆိုပါရုပ်ရှင်ကို Netflix တွင်ပြသခဲ့သည်။  

Netflix ၏ တွဲဖက်အမှုဆောင်အရာရှိချုပ်နှင့် content ပိုင်းဆိုင်ရာ အကြီးအကဲဖြစ်သူ Ted Sarandos က တော်ဝင်စုံတွဲသည် ကမ္ဘာတစ်ဝန်းရှိ ပြည်သူသန်းပေါင်းများစွာကို ၎င်းတို့၏ စစ်မှန်မှု၊ အကောင်းမြင်မှုနှင့်ခေါင်းဆောင်မှုတို့ဖြင့် လှုံ့ဆော်ပေးခဲ့ကြောင်းနှင့် နေရာအနှံ့ရှိ ပရိသတ်များအတွက် ကြံ့ကြံ့ခံနိုင်မှုနှင့် အသိအမြင်တိုးတက်လာစေရန် ဟယ်ရီတို့နှင့်အတူ အစီအစဉ်များဖန်တီးသွားမည်ဟု ဆိုသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly