ရန်ကုန်တွင် တစ်ရက်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၆၀၀ကျော်အရေးယူခံရ

ရန်ကုန်တွင် တစ်ရက်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၆၀၀ကျော်အရေးယူခံရ
ရန်ကုန်တိုင်းဒေသကြီးတွင် စက်တင်ဘာလ ၂ ရက် နေ့ည က ရဲတပ်ဖွဲမှကင်းလှည့်စစ်ဆေးစဉ်(ပုံ - Yangon Police)

စက်တင်ဘာ ၃

 ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၂ရက်နေ့တွင် ညမထွက်ရအမိန့် ကျူးလွန်သူ ၆၄၇ဦးကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အရေးယူထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ တရားဝင် ဖေ့ဘုတ်စ်စာမျက်နှာဖြစ်သည့် Yangon Policeက စက်တင်ဘာလ ၃ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ပုစွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်က“ကျွန်တော်တို့ မနေ့ညက ဖမ်းမိတာတော့ ခြောက်ယောက်ပါ၊ ကျွန်တော်တို့ တရားရုံးကို တရားစွဲတင်ပြီးမှ ၁၈၈နဲ့ အရေးယူပြီး တရားစွဲတင်မှာပါ”ဟု ဆိုသည်။

ညမထွက်ရအမိန့် စည်းကမ်းချိုးဖောက်သူ ကျား ၆၁၈ဦး၊ မ ၂၉ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ဖြင့် အရေးယူဆောင်ရွက်ထားသည်ဟု Yangon Policeကဖော်ပြထားသည်။ ၎င်းတို့နှင့်အတူ မော်တော်ယာဉ် ၁၁၁စီး၊ ဆိုင်ကယ် ၁၈စီးတို့ကိုပါ ဖမ်းဆီးရရှိထားကြောင်း သိရသည်။

အရေးယူခံထားရသူများအနေဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈အရ ညမထွက်ရ ဒေသန္တရအမိန့်ကို လိုက်နာရန်ပျက်ကွက်ကြောင်းပြစ်မှုထင်ရှားပါက ငွေဒဏ် ၂၀၀ကျပ်မှ ၁၀၀၀၀ကျပ်ဖြစ်စေ အလုပ်မဲ့ထောင်ဒဏ် တစ်လမှ ခြောက်လအထိ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည် ဖြစ်သည်။

လက်ရှိတွင်အရေးယူခံထားရသူများအား ရဲစခန်းများတွင် ဖမ်းဆီးထားပြီး အုပ်ချုပ်ရေးမှူးများမှတရားလိုပြုလုပ်ကာ တရားစွဲသွားမည်ဖြစ်သည်။

 COVID-19 ကူးစက်မှုအခြေအနေ များပြားလာတာကြောင့် ရန်ကုန်တိုင်းအတွင်း ည ၁၂နာရီမှ မနက် ၄နာရီထိ ညမထွက်ရ အမိန့်ကို ဧပြီလက စတင်ထုတ်ပြန်ထားခြင်းဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required