COVID-19 အန္တရာယ် သတိပေးဖို့ ဂျကာတာမြို့ထဲမှာ ခေါင်းတလားတွေကို ကားနဲ့ သယ်ပြီး လှည့်လည်ပြသ

COVID-19 အန္တရာယ် သတိပေးဖို့ ဂျကာတာမြို့ထဲမှာ ခေါင်းတလားတွေကို ကားနဲ့ သယ်ပြီး လှည့်လည်ပြသ

စက်တင်ဘာ ၂

အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်မြင့်တက်နေဆဲ ဆိုတာကို ပြည်သူတွေကို သတိပေးတဲ့အနေနဲ့ ရောဂါအကာအကွယ်ဝတ်စုံတွေ ဝတ်ထားတဲ့ တာဝန်ရှိသူတွေဟာ စက်တင်ဘာ ၁ ရက်က ခေါင်းတလားအလွတ်တွေကို ကားနဲ့ သယ်ပြီး ဂျကာတာမြို့တွင်း လမ်းတွေမှာ လှည့်လည်ပြသခဲ့ကြပါတယ်။

အခေါင်းအလွတ်တွေ တင်ထားတဲ့ ကားတွေ၊ အခေါင်းထမ်းသူတွေပါတဲ့ ယာဉ်တန်းဟာ လူနေထူထပ်တဲ့ ရပ်ကွက်တွေထဲ တစ်လမ်းဝင် တစ်လမ်းထွက် လှည့်လှည်ခဲ့ပြီး ပါဝင်ခဲ့သူတချို့ဟာလည်း သရဲတစ္ဆေလိုမျိုး ဝတ်ဆင်ပြီး ပါဝင်ခဲ့ကြပါတယ်။

“ခုလို ခေါင်းတလား စီတန်းလှည့်လည်တာကို လုပ်တာက ကျန်းမာရေး ဘေးအန္တရာယ် စည်းမျဉ်းတွေ မလိုက်နာရင် ဘယ်လိုအန္တရာယ် ရှိနိုင်တယ်ဆိုတာကို ပြည်သူတွေကို သတိပေးရာ ရောက်မယ်လို့ ကျွန်တော်တို့ မျှော်လင့် မိပါတယ်” လို့ ဂျကာတာမြို့တောင်ပိုင်း စီလန်ဒက်ခ် ခရိုင် အကြီးအကဲ မွန်ဒါရီက ပြောပါတယ်။

“ တကယ်လို့ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့မယ်ဆိုရင် ဘယ်လိုအရာတွေ ဖြစ်မလဲ သူတို့ စိတ်ကူးကြည့်နိုင်ပါတယ်” လို့လည်း ၎င်းက ပြောသွားပါတယ်။

ဒီလို အတုဖန်တီးထားတဲ့ ခေါင်းတလားတွေဟာ စီလန်ဒက်ခ် ဒေသခံတစ်ဦးဖြစ်တဲ့ အာမက် ဆိုလာ ဆူဇာနီရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

“ဒါ တော်တော် ကြောက်ဖို့ကောင်းတယ်ဗျာ၊ ဒါက ကျွန်တော်တို့ ကြုံနေရတဲ့ အန္တရာယ် ဘယ်လောက်ကြီးတယ်ဆိုတာကို ပြနေတာပါပဲ” လို့ ၎င်းက အေအက်ဖ်ပီကို ပြောသွားပါတယ်။

ဒါဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ တိုးလာနေချိန် ခုလို ခေါင်းတလားတွေ စီတန်းလှည့်လည်ပြသမှုကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကို ရှေ့တန်းနေရာမှာ တိုက်ဖျက်နေတဲ့ ဆရာဝန် ၁၀၀ ကျော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပဲ အသက်ဆုံးရှုံးခဲ့ရပြီဖြစ်သလို ကလေးငယ် ရာနဲ့ချီလည်း သေဆုံးခဲ့ဖွယ် ရှိနေပါတယ်။

ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေအများဆုံး နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ၁၇၇,၀၀၀ ကျော်နဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇,၅၀၅ ဦးခန့် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly