လေးပွင့်ဆိုင်တွေ့ဆုံရေး တပ်ချုပ် အကြောင်းပြန်မည်

လေးပွင့်ဆိုင်တွေ့ဆုံရေး တပ်ချုပ် အကြောင်းပြန်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားအမြင်အခြေခံဆွေးနွေးရန် ပန်ကြားချက်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီချုပ်၏ သဘောထားကို သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တဆင့်ထုတ်ပြန်ပေးမည်ဟု ဗိုလ်မှူးကြီး တင်ထွန်းဦးက နိုဝင်ဘာ ၁၁ရက်တွင် မဇ္ဈိမကို တယ်လီဖုန်းမှ တစ်ဆင့်ပြောသည်။

"သတင်းမှန်ပြန်ကြားရေးအဖွဲ့က မကြာခင်ပဲ၊ မြဝတီကော၊ သတင်းမီဒီယာတွေကော အားလုံးကို ပြန်ကြားပေးမယ်။" ဟု ၎င်းကဆိုသည်။

၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိအချိန်အထိ လွှတ်တော်နေရာ အများဆုံး အနိုင်ရရှိထားသည့် NLD ပါတီက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လာမည့် သတင်းပတ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို နိုဝင်ဘာ ၁၀ရက် ညပိုင်းတွင် စာရေးသားပေးပို့ ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသည့် လာမည့်သီးတင်ပတ်အတွင်း တွေ့ဆုံရန် သဘောတူထားပြီး၊ သမ္မတဦးသိန်းစိန်ကမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် မဲရလဒ်စာရင်းများ ထုတ်ပြန်ပြီးစီးချိန်တွင် တွေ့ဆုံရန် သဘောတူထားသည်။

လက်ရှိအချိန်အထိ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် NLD က ၉၀ရာခိုင်နှုန်းခန့် အနိုင်ရရှိထားပြီဟု ၎င်းတို့၏ မြို့နယ်အမတ်လောင်းများမှ ပေးပို့သည့် စာရင်းများကိုအခြေခံကာ တရားဝင် ထုတ်ပြန်ပြောဆိုနေသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်သည့် နိုဝင်ဘာ ၉ရက်မှ ၁၁ရက်နေ့၊ နေလည် ၃နာရီအထိ ထုတ်ပြန်သည့် ပြည်သူ့လွှတ်တော်နေရာ ၁၄၉တွင် NLD က ၁၃၄နေရာ၊ အမျိုးသားလွှတ်တော် ၈၃ နေရာတွင် NLDက ၇၇နေရာနှင့် တိုင်းနှင့်ပြည်နယ်လွှတ်တော် ၂၇၄နေရာတွင် NLD ၂၃၄နေရာအထိ အနိုင်ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly