မုတ်သုံမိုးကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည့် ကရာချိမြို့၌ ပြည်သူများ ဆန္ဒပြ

By AFP
01 September 2020
မုတ်သုံမိုးကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်နေသည့် ကရာချိမြို့၌ ပြည်သူများ ဆန္ဒပြ

စက်တင်ဘာ ၁

ကရာချိ၊ ပါကစ္စတန်

ပါကစ္စတန်နိုင်ငံမှာ မုတ်သုန်မိုးကြောင့် ရေလွှမ်းမိုးမှုတွေ ကြုံတွေ့နေရပြီး ဆိပ်ကမ်းမြို့ကရာချိမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေဖြစ်နေတာ ခြောက်ရက်လောက်ရှိပါပြီ။  

 မိုးလေထန်မှုတွေ ရက်ပေါင်းများစွာ ဖြစ်ပြီးတဲ့နောက် ကရာချိရဲ့ ရေမြောင်းစနစ် ဆိုးရွားမှုတွေကိုလည်း ပေါ်လွင်စေခဲ့ပါတယ်။  

လူဦးရေသန်း ၂၀ လောက်ရှိတဲ့ ကရာချိမြို့မှာ ရေနုတ်မြောင်းစနစ် ပြင်ဆင်ဖို့ ပျက်ကွက်တဲ့ အာဏာပိုင်တွေကို ပြစ်တင်ဝေဖန်ဖို့ အစိုးရအဆောက်အအုံတွေရှေ့မှာ စိတ်ဆိုးဒေါသဖြစ်နေတဲ့ မြို့ခံတွေဟာ ဩဂုတ်လ ၃၁ ရက်နေ့က စုဝေးဆန္ဒပြခဲ့ကြပါတယ်။  

ဒေသခံဆိုင်ရှင်တစ်ဦးဖြစ်တဲ့ နာဝက် ကူရတ်ရှီးက သူ့ရဲ့အခက်အခဲကို ခုလိုပြောပြပါတယ်။

“ ကျွန်တော်တို့ အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ လျှပ်စစ်မီးမရတာ ခြောက်ရက်လောက်ရှိပါပြီ။ ပုံမှန်ဖောက်သည်တွေလည်း မလာတော့ဘူး။ ကားတွေလည်း ဝင်မရဘူး။ အဆောက်အအုံအပေါ်ထပ်ကလူတွေဆိုလည်း အောက်ဆင်းလို့မရဘူး” လို့ပြောပါတယ်။

ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ လုဘနာဆာလ်မန်က “ကျွန်မတို့အိမ်ဆို ရေတွေဝင်လာတာ ၁၁ ပေလောက် အနက်ရှိတယ်။ မျက်နှာကြက်တောင် ထိတယ်။ အရမ်းကို ထိတ်လန့်စရာကောင်းပါတယ်။ တိုက်တန်းနစ်ဇာတ်ကားထဲကလိုပဲ။ ဒါမျိုး မဖြစ်သင့်ပါဘူး။ စီမံမှုအမှားတွေကြောင့်ပါ။ ထိထိရောက်ရောက် စီမံခန့်ခွဲမှသာ နိုင်ငံက တိုးတက်နိုင်မှာပါ” လို့ပြောပါတယ်။  

မြို့ရဲ့ မိလ္လာသိမ်းစနစ်တွေလည်း ညံ့ဖျင်းတဲ့အတွက် မြူနီစီပယ်တာဝန်ရှိသူတွေဟာ ဝေဖန်မှုတွေ ခံနေရပါတယ်။  

ကရာချိမှာ နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၁၃၀ မီလီမီတာ (ငါးလက်မ) ခန့်ရှိချိန်မှာ  ပြီးခဲ့တဲ့ သီတင်းပတ်က မိုးရေချိန် ၂၃၀ မီလီမီတာ ( ကိုးလက်မ) ထိ ရွာသွန်းခဲ့တယ်လို့ မြို့ရဲ့ မိုးလေဝသဌာနကပြောပါတယ်။

ရေလွှမ်းမိုးမှုနဲ့ ဆက်စပ်တဲ့ မတော်တဆဖြစ်ရပ်တွေကြောင့် ကရာချိမှာ ပြီးခဲ့တဲ့ သီတင်းပတ်က တစ်ရက်တည်း သေဆံးသူ ၁၈ ဦးရှိခဲ့ပါတယ်။

ဩဂုတ် လအတွင်း ပါကစ္စတန်မှာ မုတ်သုံမိုးကြောင့် သေဆုံးသူ ၁၀၀ ထက်မနည်းရှိပြီး အိမ်ခြေပေါင်း၁၀၀၀ ကျော်ပျက်စီးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required