တောင်အာဖရိကမှာ စိုက်ပျိုးမွေးမြူရေးသမားတွေ တိုက်ခိုက်ခံရမှုအပေါ် ဆိုင်ကယ်စီးသူတွေ စုရုံးဆန္ဒပြ 

တောင်အာဖရိကမှာ စိုက်ပျိုးမွေးမြူရေးသမားတွေ တိုက်ခိုက်ခံရမှုအပေါ် ဆိုင်ကယ်စီးသူတွေ စုရုံးဆန္ဒပြ 

သြဂုတ် ၃၀ 

တောင်အာဖရိကနိုင်ငံမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေ တိုက်ခိုက်ခံနေရတဲ့ဖြစ်စဉ်တွေအပေါ် ဆန့်ကျင်တဲ့အနေနဲ့ သြဂုတ် ၂၉ ရက်က ပရီတိုရီးယားမြို့မှာ ထောင်နဲ့ချီတဲ့ လူဖြူဆိုင်ကယ်စီးသမားတွေ စုဝေးလှည့်လည်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

ယင်းနိုင်ငံမှာတော့ နှစ်စဉ်နှစ်တိုင်း အများအားဖြင့် လူဖြူ စိုက်ပျိုးမွေးမြူရေးသမား ဒါဇင်နဲ့ချီ အသတ်ခံနေရတယ်လို့ သိရပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ ဧပြီလအထိ ၁၂ လတာအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအပေါ် ပစ်မှတ်ထားတဲ့ လူသတ်မှုဖြစ်စဉ် ၄၉ ခုအထိ ဖြစ်ပွားထားခဲ့တယ်လို့ သိရပါတယ်။ 

“စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ဖြစ်နေတဲ့ လူသတ်မှုဖြစ်စဉ်တွေ အများအပြား ရှိနေတယ်ဆိုတဲ့ အချက်ကို ထောက်ခံတယ်ဆိုတာ ပြချင်လို့ ကျွန်မ ဒီမှာ ရှိနေတာပါ၊ အားလုံးဟာ အသက်နဲ့ခန္ဓာနဲ့ပဲလေ၊ လူသတ်မှုတွေကို တားဆီးသွားဖို့ လိုပါတယ်” လို့ အမျိုးသမီး ဆိုင်ကယ်စီးသမားတစ်ဦးဖြစ်တဲ့ မစ်ချယ်လင်း ဘိုသာက ပြောသွားပါတယ်။ 

“စိုက်ပျိုးမွေးမြူရေးသမားတွေ မရှိရင် အစားအသောက်တွေလည်း ရှိမှာမဟုတ်ဘူး ၊ အစားအသောက်တွေမှ မရှိရင် တောင်အာဖရိကဟာလည်း ဆာလောင်ငတ်မွတ်လာပါလိမ့်မယ်” လို့လည်း အခြား ဆိုင်ကယ်စီးသမားတစ်ဦးဖြစ်တဲ့ အက်ရှ် ဖီလ်တန်က ပြောသွားပါတယ်။ 

ယင်းနိုင်ငံမှာတော့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေဟာ ရဲတွေဆီက လုံခြုံရေးပေးမှုအပိုင်း ပိုမိုတိုးတက်လာစေဖို့နဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆိုင်ရာ တိုက်ခိုက်မှုတွေနဲ့ သက်ဆိုင်နေတဲ့ အမှုအခင်းတွေအပေါ် တရားစွဲဆိုမှုပိုင်း ပိုမိုကောင်းမွန်စေဖို့ ဆန္ဒရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required