အယ်လ်နီညိုက အာဖရိကအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ လူသန်းပေါင်းများစွာကို ခြိမ်းခြောက်နေ

အယ်လ်နီညိုက အာဖရိကအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ လူသန်းပေါင်းများစွာကို ခြိမ်းခြောက်နေ

နယူးယောက်စီးတီး၊ နိုဝင်ဘာ ၁၁ ။          ။ အယ်လ်နီညိုရာသီဥတုအားကောင်းနေခြင်းကြောင့် အာဖရိကအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ကလေး ၁၁ သန်းခန့်မှာ ဆာလောင်ငတ်မွတ်ခြင်း၊ ရောဂါဘယ ထူပြောခြင်းနှင့် ရေပြတ်လပ်ခြင်းတို့အန္တရာယ်ရှိနေသည်ဟု ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့(ယူနီဆက်)က ပြောသည်။

အယ်လ်နီညိုကြောင့် နှစ်ပေါင်း ၃၀ ကျော်အတွင်း အီသီယိုပီးယားတွင် အဆိုးဝါးဆုံးမိုးခေါင်မှုဖြစ်စေသည်ဟု ယူနီဆက်က ဆိုသည်။ ၎င်း၏သက်ရောက်မှုမှာ အထူးသဖြင့် ဆိုမာလီယာတွင် ပြင်းထန်နိုင်ပြီး ရေကြီးရေလျှံမည်ဆိုသည့် စိုးရိမ်မှုများ ပေါ်ထွက်နေသည်ဟု ယူနီဆက်က သတိပေးသည်။ အယ်လ်နီညိုမှာ ပစိဖိတ်သမုဒ္ဒရာ ပူနွေးမှုကြောင့် ဖြစ်သည်။

မှတ်တမ်းအရ အားအကောင်းဆုံးများထဲတွင် ပါဝင်နေသော ယင်းအယ်လ်နီညိုဖြစ်ရပ်သည် နောက်ထပ်ရေကြီးရေလျှံမှုများကို ဖြစ်စေနိုင်ပြီး မိုးခေါင်မှုများကိုပါ ဖြစ်စေသည်။ ထို့အပြင် တိုင်ဖွန်းများ၊ ဆိုင်ကလုံးမုန်တိုင်းများကိုပါ ဖြစ်စေနိုင်သည့်အပြင် လာမည့်လများအတွင်း ခန့်မှန်းသည့်အတိုင်း ဆက်လက်အားကောင်းလာပါက နောက်ထပ်အခြားဧရိယာများကိုပါ ထိခိုက်စေမည်ဖြစ်သည်ဟု ယူနီဆက်၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အီသီယိုးပီးယားတွင် လူ ၈ဒသမ၂သန်းမှာ အစားအစာမဖူလုံမှုနှင့် ကြုံရပြီး ပျမ်းမျှကလေး ၃၅၀,၀၀၀မှာ ပြင်းထန်သည့် အာဟာရချို့တဲ့မှုကြောင့် ကုသခံရန်လိုအပ်နေသည်ဟုလည်း ကြေညာချက်က ဖော်ပြခဲ့သည်။

"ပြသနာကို ပိုဆိုးစေမှာကတော့ အယ်လ်နီညိုက လာမဲ့လတွေအတွင်းမှာ အချို့ဧရိယာတွေမှာ ရေကြီးမှုတွေဖြစ်လာစေနိုင်ပါတယ်"ဟု ယူနီဆက်က ပြောသည်။ နိုင်ငံတွင် အစားအစာအပိုအလျှံရှိနေပြီး မိုးခေါင်မှုကြောင့်ထိခိုက်နေသော ဧရိယာများသို့ အစားအစာများ ဆက်လက်ပေးပို့နေသည်ဟု အီသိယိုးပီယားက ပြောသည်။

"ဒီအယ်လ်နီညိုနှစ်မှာ အစားအစာမရှိလို့ သေဆုံးသူမရှိအောင် အစိုးရက ကြိုးစားနေပါတယ်။ အနောက်နိုင်ငံက သတင်းတွေနဲ့ ဆန့်ကျင်တာက ငတ်မွတ်မှုတာမျိုးတွေ ရှိမှာမဟုတ်ပါဘူး"ဟု ယူကေရှိ အီသီယိုပီးယားသံရုံးက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required