TikTok ၏  လုပ်ငန်းကို အမေရိကန်က ပိတ်သိမ်းရေး အရေးပေါ်ပြင်ဆင်ထားရန် ByteDance က တိုက်တွန်းထား

TikTok ၏  လုပ်ငန်းကို အမေရိကန်က ပိတ်သိမ်းရေး အရေးပေါ်ပြင်ဆင်ထားရန် ByteDance က တိုက်တွန်းထား

 ဩဂုတ် ၂၈

တရုတ်ကုမ္ပဏီ ByteDance က ၎င်း၏ ဗီဒီယိုများ တင်ရာ လူကြိုက်များသည့် အက်ပရီကေးရှင်း TikTok မှ အင်ဂျင်နီယာများကို အမေရိကန်ရှိ ဝန်ဆောင်မှု လုပ်ငန်းအား ပိတ်သိမ်းရေးအတွက် အရေးပေါ် ပြင်ဆင်ထားရန် ပြောထားကြောင်း ယင်းအရေးနှင့် နီးစပ်သူများက ပြောသည်။ 

ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လက်လွှဲပေးအပ်နေသည်ဆိုသော လုံခြုံရေးစိုးရိမ်ပူပန်မှုများကြောင့် အမေရိကန်နိုင်ငံတွင်းမှ TikTok အား ပိတ်သိမ်းရန် ByteDance ကုမ္ပဏီအား သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ထားသည်။ 

အမေရိကန်နိုင်ငံအတွင်း လစဉ် သုံးစွဲသူ သန်း ၁၀၀ ခန့်ရှိသည်ဆိုသော TikTok ၏ ပိုင်ဆိုင်မှုအာမခံများကို ဝယ်ယူရန် ယှဉ်ပြိုင်နေသည့် အမေရိကန်ကုမ္ပဏီများတွင် မိုက်ခရိုဆော့ဖ်နှင့် Oracle Corp တို့လည်း အပါအဝင် ဖြစ်သည်။ 

ByteDance ကုမ္ပဏီက သောကြာနေ့ အစောဆုံးအားဖြင့် အထူးဆွေးနွေးပွဲများ ကျင်းပကာ ဝယ်ယူမည့် ကုမ္ပဏီကို ရွေးချယ်ရန် ရှိကြောင်း အဆိုပါ သတင်းရင်းမြစ်များအရ သိရသည်။ 

TikTok နှင့် ၎င်း၏ မိခင်ကုမ္ပဏီ တရုတ်မှ ByteDance တို့နှင့် လုပ်ငန်းတွဲဖက် လုပ်ကိုင်ခြင်းများကို ၄၅ ရက်အတွင်း တားမြစ်သွားမည့် အထူးအမိန့်တစ်ရပ်အား ဩဂုတ် ၆ ရက်တွင် သမ္မတ ထရမ့်က ထုတ်ပြန်ထားသည်။ 

TikTok အနေဖြင့် ထရမ့်အစိုးရကို တရားရင်ဆိုင်ရန် အမှုစွဲတင်ထားပြီ ဖြစ်သော်လည်း စက်တင်ဘာလလယ်အထိ အရောင်းအဝယ် သဘောတူညီချက် မရခဲ့ပါက ပိတ်သိမ်းရမည်ဖြစ်သည့်အတွက် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ ထိုသို့ ပိတ်သိမ်းခြင်းသည်လည်း ယာယီသာဖြစ်လိမ့်မည်ဟု ၎င်းတို့က ပြောကြသည်။ 

TikTok ၏ အမေရိကန်နိုင်ငံတွင်းက လုပ်ငန်းဝန်ဆောင်မှုများကို ရောင်းချရာ၌ အမေရိကန်နှင့် တရုတ်အစိုးရ နှစ်ရပ်စလုံး၏ ခွင့်ပြုချက် လိုလိမ့်မည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly