ထိုင်းတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု တစ်နှစ်ထက် တစ်နှစ် ၇၀ ရာခိုင်နှုန်းကျော် ထိုးကျ

ထိုင်းတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု တစ်နှစ်ထက် တစ်နှစ် ၇၀ ရာခိုင်နှုန်းကျော် ထိုးကျ

သြဂုတ် ၂၅ 

ထိုင်းနိုင်ငံတွင် ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုနှင့် ခရီးသွားများ၏ ငွေသုံးစွဲမှုသည် ယခုနှစ် ပထမခုနစ်လအတွင်း တစ်နှစ်ထက်တစ်နှစ် ၇၀ ရာခိုင်နှုန်းခန့်အထိ ထိုးကျသွားခဲ့ကြောင်း သြဂုတ် ၂၄ ရက် ဒေတာကိန်းဂဏန်းများက ပြသနေသည်။ 

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရန် ရည်ရွယ်ပြီး ယခုနှစ် စတုတ္ထမြောက်လတွင် နယ်စပ်ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ရခြင်းကလည်း ရုန်းကန်နေရသည့် နိုင်ငံစီးပွားရေးအပေါ် အထိနာစေခဲ့သည်။ 

ဇန်နဝါရီနှင့် ဇူလိုင်လကြားကာလတွင် နိုင်ငံခြားခရီးသွားဧည့်သည်ဦးရေ ၆ ဒသမ ၆၉ သန်း ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၇၁ ရာခိုင်နှုန်း ကျသွားခဲ့သည်။ အလားတူ ခရီးသွားများ၏ ငွေသုံးစွဲမှုကလည်း အစောပိုင်းတစ်နှစ်ကနှင့်ယှဉ်ပါက ၇၀ ဒသမ ၄ ရာခိုင်နှုန်း ကျပြီး ဘတ်ငွေ ၃၃၂ ဘီလီယံကို ရောက်ရှိခဲ့သည်။ 

ယမန်နှစ်က စံချိန်တင် ခရီးသွားဦးရေ ၃၉ ဒသမ ၈ သန်းအထိ ဝင်ရောက်ထားခဲ့သော ထိုင်းနိုင်ငံအနေဖြင့် ခရီးသွားလာမှုပိတ်ပင်ချက် ပြဋ္ဌာန်းခဲ့ရသော ပြီးခဲ့သည့် ဧပြီလနောက်ပိုင်းကတည်းက ပြည်ပခရီးသွား ဝင်ရောက်မှု မရှိခဲ့ပေ။ 

၂၀၁၉ ခုနှစ် ဇူလိုင်လတစ်လတည်းမှာပင် ခရီးသွားဦးရေ ၃ ဒသမ ၃၃ သန်း ဝင်ရောက်ခဲ့ပြီး ငွေသုံးစွဲမှုကလည်း ဘတ်ငွေ ၁၆၇ ဘီလီယံအထိ ရှိခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုနှင့် လှုပ်ရှားလည်ပတ်မှုများအပေါ် ရိုက်ခတ်ထိုးနှက်နေခဲ့ချိန် ခရီးသွားလုပ်ငန်းအပေါ် မှီခိုအားထားနေရသည့် ထိုင်းနိုင်ငံ၏ စီးပွားရေးသည်လည်း ၁၉၉၈ ခုနှစ် အာရှအကျပ်အတည်းနောက်ပိုင်း ယခုနှစ် ဒုတိယသုံးလပတ်တွင် ယင်း၏ အနက်ရှိုင်းဆုံးသော တစ်နှစ်တာ အရှိန်နှုန်းထားဖြင့် ကျုံ့ထားခဲ့သည်။ 

နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်က အာရှဒေသတွင်း အနည်းဆုံးနှုန်းထားများတွင် ပါဝင်ပြီး သုံးလကြာ ပြည်တွင်းကူးစက်မှု မရှိခဲ့သော်ငြား ထိုင်းအစိုးရသည် နိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာထားမှုကို စက်တင်ဘာလကုန်အထိ သက်တမ်းတိုးထားခဲ့ပြီး ဖြစ်သည်။ 

ထို့ပြင် ထိုင်းအာဏာပိုင်တို့သည် နိုင်ငံရှိ ဖူးခက် အပန်းဖြေကျွန်းဆီ ပြည်ပခရီးသွားများ လာရောက်လည်ပတ်ခွင့်ကို အောက်တိုဘာလမှစ၍ ခွင့်ပြုသွားမည်ဟု သိရသည်။ 

အောက်တိုဘာလနှင့် မတ်လအကြားကာလတွင် ပြည်ပခရီးသွား ၂ သန်းခန့် လာရောက်မည်ဟု မျှော်လင့်ကြောင်း ထိုင်းခရီးသွားနှင့် အားကစားဝန်ကြီး ဖီဖက် ရက်ချာကစ်ပရာကန်က သြဂုတ် ၂၄ ရက်တွင် ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly