အမေရိကန်အစိုးရနှင့် တရားရင်ဆိုင်ရန် TikTok ပြင်ဆင်

အမေရိကန်အစိုးရနှင့် တရားရင်ဆိုင်ရန် TikTok ပြင်ဆင်

ဩဂုတ် ၂၂

ဗီဒီယိုတိုများ တင်ရာ လူကြိုက်များ ရေပန်းစားသည့် TikTok အက်ပရီကေးရှင်းနှင့် ၎င်း၏ တရုတ်နိုင်ငံမှ မိခင်ကုမ္ပဏီဖြစ်သော ByteDance တို့နှင့် လုပ်ငန်းပတ်သက်လုပ်ကိုင်မှုများအား တားမြစ်သည့် သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးအမိန့်ကို တနင်္လာနေ့ အစောဆုံးအဖြစ် တရားဥပဒေဘောင်အတွင်းမှ ရင်ဆိုင်သွားရန် TikTok က ပြင်ဆင်လျက် ရှိကြောင်း ယင်း အရေးနှင့် နီးစပ်သူများအရ သိရသည်။  

ထရမ့်သည် ဩဂုတ် ၁၄ ရက်က အထူးအမိန့်တစ်ရပ် ထုတ်ပြန်ကာ TikTok ၏ အမေရိကန်နိုင်ငံအတွင်း ဝန်ဆောင်မှု လုပ်ငန်းများကို ရက် ၉၀ အတွင်း ရုပ်သိမ်းရန် ByteDance ကုမ္ပဏီအား အမိန့်ထုတ်ထားခြင်း ဖြစ်သည်။ TikTok ၏ အမေရိကန်နိုင်ငံအတွင်း ဝန်ဆောင်မှုများကို Microsoft Corp နှင့် Oracle တို့အပါအဝင် ဖြစ်နိုင်ခြေရှိသော ဝယ်ယူသူများနှင့် အရောင်းအဝယ်အတွက် ByteDance ကုမ္ပဏီက ဆွေးနွေးပြောဆိုမှုများ ရှိထားသည်။ ByteDance ၏ အမေရိကန် ရင်းနှီးမြှုပ်နှံသူအချို့ကလည်း ဝယ်ယူရာတွင် ပါဝင်လာနိုင်သည်။

TikTok ၏ ယခုကဲ့သို့ တရားရင်ဆိုင်ရန်မှာ ဩဂုတ် ၆ ရက်က ထုတ်ပြန်သော ထရမ့်၏ အထူးအမိန့်တစ်ရပ်နှင့် ဆက်စပ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ အဆိုပါ အထူးအမိန့်အရ ByteDance နှင့် ၎င်း၏ ဦးပိုင်ကုမ္ပဏီများ ပါဝင်သည့် လုပ်ငန်းဆောင်တာစာရင်းကို ကုန်သွယ်ရေးဝန်ကြီးဌာနက စုဆောင်းပြီး ရက် ၄၅ ရက် လွန်မြောက်လျှင် တားမြစ်ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။  

အဆိုပါ ဩဂုတ် ၆ ရက် အထူးအမိန့်သည် နိုင်ငံတကာ အရေးပေါ် စီးပွားရေး လုပ်ပိုင်ခွင့်အက်ဥပဒေကို အခြေပြုထားခြင်းဖြစ်ပြီး TikTok အနေဖြင့် ချေဖျက်သွားရန် စီစဉ်လျက် ရှိသည်ဟု သတင်းရင်းမြစ်များက ပြောသည်။ TikTok အနေဖြင့် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုအဖြစ် အိမ်ဖြူတော်၏ သတ်မှတ်ထားခံရခြင်းကိုလည်း ခုခံချေပသွားမည်ဟု သတင်းရင်းမြစ်များက ဖြည့်စွက်ဆိုသည်။

TikTok က မည်သည့် တရားရုံးတွင် တရားစွဲတင်မည် ဆိုခြင်းကိုမူ လက်ငင်းအချိန်၌ မသိရသေးပေ။ ကုမ္ပဏီအနေဖြင့် တရားဥပဒေဘောင်အတွင်းမှ အခွင့်အလမ်းကို ရှာဖွေလျက် ရှိကြောင်း၊ ဝန်ထမ်းများကလည်း ၎င်းတို့ ကိုယ်ပိုင် တရားစွဲဆိုမှုများကို လုပ်ဆောင်သွားရန် ပြင်ဆင်နေကြောင်း ယခင်က ပြောထားဖူးသည်။

ဆယ်ကျော်သက်များကြားတွင် ကခုန်သော ဗီဒီယိုတိုများ၊ စွမ်းဆောင်ရည် ဖော်ထုတ်သည့် ဗီဒီယိုတိုများ တင်နိုင်သည့် ရေပန်းစားသော TikTok အက်ပရီကေးရှင်းကို သုံးစွဲသူများ၏ သတင်းအချက်အလက်များအား တရုတ်ကွန်မြူနစ်ပါတီအစိုးရထံ ပေးပို့နေသည်ဟု အမေရိကန် တာဝန်ရှိသူများက စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly