ဘာကာကို ‘ထိပ်ဆုံးနေရာ ပြန်ဆွဲတင်ပေးဖို့’ ကတိပေးလိုက်တဲ့ ကိုးလ်မန်း

ဘာကာကို ‘ထိပ်ဆုံးနေရာ ပြန်ဆွဲတင်ပေးဖို့’ ကတိပေးလိုက်တဲ့ ကိုးလ်မန်း
Photos: EPA

ရော်နယ်ကိုးလ်မန်းဟာ ဗုဒ္ဓဟူးနေ့က ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်အဖြစ် နှစ်နှစ်စာချုပ်ချုပ်နဲ့ တရားဝင်ခန့်အပ်ခံရပြီးနောက် သူက "စပိန်ကလပ်အသင်းကို ထိပ်ဆုံးနေရာပြန်ရောက်အောင် တိုက်ပွဲဝင်သွားမယ်"လို့ ပြောပါတယ်။ 

"ပျော်စရာကောင်းတဲ့ နေ့တစ်နေ့ပါ။ ဘာကာဟာ ကျနော့်အတွက်ပါဆိုတာ လူတိုင်းက သိထားပါတယ်။ ဒီနေရာဟာ ကျနော့်အိမ်ပါ။ ဒါဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး မလွယ်ကူနိုင်ပါဘူး။ ကျနော့်ရဲ့ အကောင်းဆုံးအရာကို တောင်းဆိုပါလိမ့်မယ်။ ဒါကို ကြိုက်နှစ်သက်ပါတယ်။"လို့ ကိုးလ်မန်းက နူးကမ့်မှာ ပြုလုပ်တဲ့ မိတ်ဆက်အခမ်းအနားမှာ ပြောပါတယ်။ 

"ဒါဟာ အိပ်မက်တစ်ခုဖြစ်ခဲ့ပြီး ဒီအိပ်မက်ဟာ တကယ်ဖြစ်လာတယ်။ ဘာစီလိုနာကို ထိပ်ဆုံးနေရာကို ပြန်ရောက်အောင် ကျနော်တို့ တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။" 

ကတ်တလန်တို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် နည်းပြရာထူးက ထုတ်ပယ်လိုက်တဲ့ ဆက်တီယန်ရဲ့ နေရာကို ၂၀၁၈ ခုနှစ်ကတည်းက နယ်သာလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့တဲ့ အသက် ၅၇ နှစ်အရွယ်ရှိ ကိုးလ်မန်းနဲ့ အစားထိုးခန့်အပ်ခဲ့တာပါ။

သူဟာ ရီးနပ်စ် မီခယ်စ်၊ ယိုဟန် ခရိုက်ဖ်၊ လူးဝစ်ဗန်ဟားလ်နဲ့ ဖရန့် ရီကတ်ဒ်တို့ပြီးရင် ဘာစီလိုနာမှာ ငါးယောက်မြောက် ဒတ်ချ်နည်းပြဖြစ်လာပါတယ်။ 

ဘာစီလိုနာကစားသမားအဖြစ် ကိုးလ်မန်းဟာ သူ့ရဲ့ ခြောက်ရာသီမှာ တရားဝင်ပွဲပေါင်း ၂၆၄ ပွဲကစား၊ ၈၈ ဂိုးသွင်းယူခဲတဲ့အပြင် သူဟာ ၁၉၉၁ ကနေ ၁၉၉၄ ခုနှစ်အတွင်း ၄ ကြိမ်ဆက် လာလီဂါဖလားဆွတ်ခူးခဲ့ပြီး ခရိုက်ဖ်ရဲ့ 'Dream Team' မှာ တောက်ပခဲ့ပါတယ်။  

သူဟာ ၁၉၉၂ ဥရောပဖလား (ချန်ပီယံလိဂ်)ကို ရယူခဲ့ပြီး ဥရောပရဲ့ ထိပ်တန်းကလပ်ပြိုင်ပွဲအဆင့်မှာ ကတ်တလန်ကလပ်ရဲ့ ပထမဆုံးသော အောင်မြင်မှုလည်းဖြစ်ပါတယ်။

"တစ်နေ့မှာတော့ ရော်နယ်ကိုးလ်မန်းဟာ ဘာစီလိုနာနည်းပြအဖြစ် သမိုင်းမှာ ရေးထိုးခံရမှာပါ။ အချိန်ကျရောက်လာပါပြီ။"လို့ အင်္ဂါနေ့ညနေပိုင်းက ကနဦးကြေညာချက်ထုတ်ပြန်ခဲ့တဲ့ ကလပ်အသင်းဥက္ကဋ္ဌ ဘာတိုမူက ပြောပါတယ်။

"ကျနော် လက်မှတ်ရေးထိုးခဲ့ပြီးပါပြီ။ ဘာစီလိုနာနည်းပြတစ်ယောက်ပါ။ ကျနော်တို့ အခုကစပြီး အလုပ်လုပ်တော့မှာပါ။ အပြောင်းအလဲတွေ လုပ်ဖို့ လိုပါတယ်။ အခြားနေ့က ပုံရိပ်ဟာ ကျနော်တို့ ပြန်သွားချင်တဲ့ ပုံစံမဟုတ်ပါဘူး။ ကျနော် မလိုချင်သလို ကစားသမားတွေ၊ ဒါရိုက်တာတွေ၊ ပရိသတ်တွေ၊ ဘယ်သူမဆိုကလည်း ဒီလိုပါပဲ။"လို့ ကိုးလ်မန်းက ပြောပါတယ်။ 

ဘာကာဟာ ၁၉၄၆ ခုနှစ် စပိန်ဖလားမှာ ဆီဗီလာကို ၈-၀ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘိုင်ယန်မြူးနစ်ကို ဂိုးပေါင်း ၈ ဂိုးအထိ ပေးခဲ့တာဖြစ်ပါတယ်။ 

ကိုးလ်မန်းက သူနှစ်သက်တဲ့ ဒတ်ချ်စတိုင် ဘောလုံးပိုင်ဆိုင်မှုကို အခြေပြုတဲ့ ဘောလုံးကစားနည်းကို စွဲစွဲမြဲမြဲကျင့်သုံးမှာဖြစ်ပြီး ကလပ်ရဲ့ ရိုးရာအစဉ်အလာအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပေမယ့် လူးဝစ် ဆွာရက်ဇ်၊ ဆာဂျီယို ဘက်စ်ကွက်စ်နဲ့ ဂျော်ဒီ အယ်ဘာတို့လို ကလပ်အသင်းကနေ ထွက်ခွာနိုင်တယ်ဆိုတဲ့ သတင်းတွေကို ပြန်လည်တု့ံပြန်ခဲ့ပါတယ်။ 

"တကယ်လို့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့လိုမယ်ဆိုရင် ကျနော်တို့ ဒါကို လက်ခံမှာပါ။"လို့ ကိုးလ်မန်းက ပြောပါတယ်။ "၃၁၊ ၃၂ နှစ်အရွယ်ကစားသမားတစ်ဦးကတော့ ကစားသမားဘဝအဆုံးမသတ်သေးပါဘူး။ သူဟာ ဒီကလပ်မှာ ဆက်နေချင်ပြီး အမြင့်ဆုံးပေးဆပ်ချင်တဲ့ ဆာလောင်မွတ်သိပ်မှုနဲ့ပဲဆိုင်ပါတယ်။" 

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly