Apple က ဈေးကွက်တန်ဖိုး ဒေါ်လာ ၂ ထရီလီယံ ရှိသည့် ပထမဆုံး အမေရိကန်ကုမ္ပဏီ ဖြစ်လာ

Apple က ဈေးကွက်တန်ဖိုး ဒေါ်လာ ၂ ထရီလီယံ ရှိသည့် ပထမဆုံး အမေရိကန်ကုမ္ပဏီ ဖြစ်လာ

ဩဂုတ် ၂၀
   
Apple ကုမ္ပဏီသည် ဗုဒ္ဓဟူးနေ့၌ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ထရီလီယံအထိ ရောက်ရှိသည့် ပထမဆုံး အမေရိကန်ကုမ္ပဏီဖြစ်လာခဲ့သည်။  ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ ကသောင်းကနင်း ဖြစ်မှုအတွင်း နည်းပညာကုမ္ပဏီ Apple က အကျိုးအမြတ် ရရှိနေသည်ကို နောက်ဆုံး ပြသချက်လည်း ဖြစ်သည်။  

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း ဈေးကွက်၌ iPhone ထုတ်လုပ်ရာ Apple ကုမ္ပဏီသည် ယခုကဲ့သို့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၂ ထရီလီယံအထိ ရောက်ရှိခြင်းဖြစ်ကာ အနည်းငယ် ဈေးပြန်ကျပြီး အပိတ်ဈေးကွက်တွင် တန်ဖိုးပြန်တက်ခဲ့ခြင်း ဖြစ်သည်။  ကုမ္ပဏီအနေဖြင့် ၂၀၁၈ မတ်လအတွင်းက ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံ ရောက်ရှိသည့် ပထမဆုံး နည်းပညာကုမ္ပဏီကြီးအဖြစ် ယခင်က မှတ်တမ်းတင်ထားသည်။  Apple နောက်တွင် အမေဇုံ၊ မိုက်ခရိုဆော့ဖ်နှင့် ဂူဂဲလ်၏ မိခင်ကုမ္ပဏီ Alphabet တို့ကဲ့သို့ နည်းပညာကုမ္ပဏီများ ရှိနေပြီး အားလုံးသည် ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံကျော် ရှိထားကြသည်။  

Apple ၏ ရှယ်ယာများသည် မတ်လ အနိမ့်ဈေးမှ အကြမ်းအားဖြင့် နှစ်ဆတက်ပြီး ထိုသို့ အံ့အားသင့်ဖွယ် ရှယ်ယာဈေးတက်မှုကြောင့် စီအီးအိုဖြစ်သူ Tim Cook ၏ ချမ်းသာမှုသည် ပထမဆုံးအဖြစ် ဒေါ်လာ ၁ ဘီလီယံအထိ မြင့်မားစေခဲ့ကြောင်း Bloomberg Billionaires Index တွက်ချက်မှုအရ သိရသည်။  လော့ဒေါင်းကာလအတွင်း ဝယ်လိုအားများ ခိုင်မာအားကောင်းခြင်းကြောင့် အခြားသော နည်းပညာကုမ္ပဏီကြီးများလည်း အကျိုးအမြတ်များ ရရှိသည့် တိုင်အောင် Apple သည် ခိုင်မာအားကောင်းသည့် ရောင်းအားကြောင့် အခြား ပြိုင်ဖက်များထက် တစ်ပန်းသာလျက် ရှိသည်။

Apple ၏ နာရီများ၊ tablets နှင့် အက်ပရီကေးရှင်းသစ်များ၊ ကျန်းမာရေးအကျပ်အတည်းကာလအတွင်း ဝန်ဆောင်မှုများအပါအဝင် ၎င်း၏ ထုတ်ကုန်များ ရောင်းချအားက ခိုင်မာတောင့်တင်းခဲ့သည်။  ဇွန်လတွင် အဆုံးသတ်သော ပြီးခဲ့သည့် သုံးလပတ်အတွင်း Apple ၏ အကျိုးအမြတ်သည် ၈ ရာခိုင်နှုန်း ခုန်တက်ကာ ဒေါ်လာ ၁၁ ဒသမ ၂ ဘီလီယံရှိပြီး ဘဏ္ဍာဝင်ငွေက ၁၁ ရာခိုင်နှုန်း ခုန်တက်ပြီး ဒေါ်လာ ၅၉ ဒသမ ၇ ဘီလီယံ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly