တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာ မောင်းနှင်ခွင့်ရှိဟု ရှီကျင်ပင်း ကတိပြု

တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာ မောင်းနှင်ခွင့်ရှိဟု ရှီကျင်ပင်း ကတိပြု

တောင်တရုတ်ပင်လယ်တွင် ကျွန်းပေါ် ရေပေါ် လွတ်လပ်စွာ မောင်းနှင်ခွင့်နှင့် ပတ်သက်၍ ပြသနာရှိမနေဘဲ နောင်အနာဂတ်တွင်လည်း ပြသနာရှိမည်မဟုတ်ဟု တရုတ်သမ္မတ ရှီကျင်ပင်းက ပြောသည်။

တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ တရုတ်၏ ပေါ်လစီ အစက အဆုံး ရည်ရွယ်ချက်မှာ တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်သာဖြစ်သည်ဟု မစ္စတာရှီက ဆိုသည်။ လွတ်လပ်စွာမောင်းနှင်ခွင့်ရှိရေးနှင့် ပတ်သက်၍ နိုဝင်ဘာ ၇ က စင်ကာပူတွင် မိန့်ခွန်းပြောစဉ် ရှီက ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်။

" တရုတ်နဲ့ အခြားနိုင်ငံတွေရဲ့ ပူးတွဲကြိုးပမ်းမှုကြောင့် တောင်တရုတ်ပင်လယ်ရဲ့ အခြေအနေဟာ ယေဘုယျအားဖြင့် ငြိမ်းချမ်းပါတယ် "ဟု ၎င်းကပြောသည်။

ထို့အပြင် တရုတ်သည် တောင်တရုတ်ပင်လယ်ပြင်၏ ရေပြင်တွင် လွတ်လပ်စွာဖြတ်သန်းမောင်းနှင်မှု လိုအပ်သည့်နိုင်ငံဖြစ်သည့်အတွက် ယင်းကဲ့သို့ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

တောင်တရုတ်ပင်လယ်ရှိ ကျွန်းများမှာ ရှေးပဝေသဏီကာလကတည်းက တရုတ်ပိုင်နယ်မြေများဖြစ်နေပြီး တရုတ်အစိုးရအနေဖြင့် ၎င်း၏ အချုပ်အခြာအာဏာအခွင့်အရေးနှင့် ပင်လယ်ရေကြောင်းအကျိုးစီးပွားကို ထိန်းသိမ်းရန် တာဝန်ရှိကြောင်းလည်း ရှီက ထပ်မံပြောကြားခဲ့သည်။

သို့သော်လည်း တရုတ်သည် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုများကို ြငိမ်းချမ်းသည့်တွေ့ဆုံဆွေးနွေးမှုကတဆင့် ဖြေရှင်းရန် ကြိုးစားနေသည်ဟုလည်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။

အာရှနိုင်ငံအားလုံးရင်ဆိုင်နေရသည့် အရေးကြီးဆုံးကိစ္စမှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးလိုအပ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးရရှိအောင် ပြုလုပ်ရေးဖြစ်ကြောင်း ရှီကပြောသည်။

" ဒါကတော့ အာရှနိုင်ငံတွေရဲ့ အကြီးမားဆုံး ဘုံအကျိုးစီးပွားပါ။ အာရှမဟုတ်တဲ့ နိုင်ငံတွေအနေနဲ့လည်း ဒါကို နားလည်ပြီး လေးစားသင့်တယ်။ နောက်ပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်တယ် "ဟု ၎င်းက ထပ်ပြောသည်။

စင်ကာပူအမျိုးသားတက္ကသိုလ်၏ Yong Siew Toh Conservatory of Music ခန်းမတွင် မစ္စတာရှှီက တရုတ်၏ ငြိမ်းချမ်းရေးရည်ရွယ်ချက်များ အကြောင်း မိနစ် ၄၀ ကြာမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

"ကျွန်တော်ရှင်းရှင်းလင်းပြောပါရစေ။ ငြိမ်းချမ်းစွာဖွံ့ဖြိုးရေးကို တရုတ်က ကတိပြုထားတယ်။ ငြိမ်းချမ်းတဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးပေါ်လစီကို ကျင့်သုံးတယ်။ ဒါဟာ သင့်တော်သလိုလုပ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒါဟာ တရုတ်က ချမှတ်ထားတဲ့ မဟာဗျူဟာ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်။ နောက်ပြီး ကမ္ဘာကို ပေးထားတဲ့ အလေးအနက်ကတိပြုမှုလည်းဖြစ်တယ်"ဟု ၎င်းက ထပ်မံပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required