တရုတ်၌ ကြက်သားတင်သွင်းခြင်းကို တင်းကြပ်သည့် စည်းမျဉ်းများ ချမှတ်

တရုတ်၌ ကြက်သားတင်သွင်းခြင်းကို တင်းကြပ်သည့် စည်းမျဉ်းများ ချမှတ်

 ဩဂုတ် ၁၆ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် တရုတ်နိုင်ငံတွင် အစားအစာ တင်သွင်းခြင်းများအပေါ် တင်းကြပ်စွာ ထိန်းချုပ်လာပြီး အီကွေဒေါနှင့် အခြားသော နိုင်ငံများမှ အေးခဲ ပုစွန်ဆိတ်၊ ကြက်သားနှင့် အခြား အစားအစာများကို စစ်ဆေးစမ်းသပ်ပြီးမှ တင်ပို့ရန် လိုအပ်မည် ဖြစ်သည်။ 

သို့သော် အစားအစာများမှ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့သည်ဆိုသော သီအိုရီကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သံသယရှိစရာဟု ဆိုထားပြီး ယင်းသို့ ကူးစက်ပျံ့နှံ့သည့် သက်သေမရှိကြောင်း ပြောထားသည်။ 

ထိုသို့ ဖြစ်လင့်ကစား တရုတ် စားသုံးသူ အထွေထွေ စီမံခန့်ခွဲရေးရုံးက အီကွေဒေါမှ အေးခဲပုစွန်ဆိတ်များ တင်သွင်းခြင်းအပေါ် တင်းကြပ်သည့် စည်းမျဉ်းများ ချမှတ်ကြောင်း သောကြာနေ့၌ ကြေညာသည်။ 

အဆိုပါ စည်းမျဉ်းအရ ပြည်တွင်းကုမ္ပဏီများအနေဖြင့် တင်သွင်းသော နိုင်ငံများမှ အာဏာပိုင်များက ထုတ်လုပ်မှု၊ ထုတ်ပိုးမှုနှင့် ပို့ဆောင်မှုတို့တွင်း သန့်စင်စွာ ထိန်းချုပ်မှု တင်းကြပ်စွာ လိုက်နာသည်ဟု အသိအမှတ်ပြုချက်ကို ရယူရန် လိုအပ်မည် ဖြစ်သည်။ 

အန်ဟွေးပြည်နယ်က မြို့တစ်မြို့တွင် အီကွေဒေါမှ တင်သွင်းသော ပုစွန်ဆိတ်ထုတ်ပိုးမှုတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြလာပြီးနောက် ယခုကဲ့သို့ ဆောင်ရွက်လာခြင်းပဲ ဖြစ်သည်။ 

ထို ပုစွန်ဆိတ်ထုတ်များနှင့် ထိတွေ့မိသော လူများနှင့် နေရာများကို ဗိုင်းရပ်စ်စစ်ဆေးစမ်းသပ်ရာတွင်မူ ကူးစက်မှုမရှိကြောင်း တွေ့ရသည်။ 

ပြီးခဲ့သည့်လကလည်း တရုတ်နိုင်ငံသည် ဘရာဇီး၊ အမေရိကန်၊ ဂျာမနီနှင့် ဗြိတိန်တို့ကဲ့သို့ နိုင်ငံများမှ ကုမ္ပဏီ ၂၃ ခုက တင်သွင်း အစားအစာများကို ယာယီတားမြစ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

အီကွေဒေါကုမ္ပဏီအချို့မှ အေးခဲပုစွန်ဆိတ် တင်သွင်းမှုကိုလည်း ရပ်ဆိုင်းထားပြီး ဘရာဇီးနှင့် အခြားသော နိုင်ငံများမှ ပဲပုပ်တင်သွင်းရာတွင်လည်း သန့်စင်ကြောင်း အာမခံချက် ပေးရန် လိုအပ်သည်။ 

ပြီးခဲ့သည့်လမှ စတင်ကာ တင်သွင်းအေးခဲအစားအစာထုပ်ပေါင်း ၁၀ ထုပ်ကျော်ထက်မနည်းတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိသည်ဟု တရုတ်အာဏာပိုင်များက ပြောထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required