လေယာဉ်ပျက်ကျပြီးနောက် အီဂျစ်မှ ရုရှ ၁၁၀၀၀ ကျော် ၂၄ နာရီအတွင်း နေရပ်ပြန်လာကြ

လေယာဉ်ပျက်ကျပြီးနောက် အီဂျစ်မှ ရုရှ ၁၁၀၀၀ ကျော် ၂၄ နာရီအတွင်း နေရပ်ပြန်လာကြ

အီဂျစ်နိုင်ငံတွင်းမှ ၂၄ နာရီအတွင်း နေရပ်ပြန်လာကြသူ ရုရှကမ္ဘာလှည့်ခရီးသည်ပေါင်း ၁၁၀၀၀ ရှိကြောင်း ရုရှက ပြောသည်။

ဆိုင်နိုင်းကျွန်းတွင် ရုရှလေယာဉ်ပျက်ကျပြီးနောက် ဗုံးဖြင့် ပစ်ချခံရခြင်းဖြစ်နိုင်သည်ဟုဆိုကာ အီဂျစ်သို့ ပျံသန်းသည့် လေကြောင်းခရီးစဉ်အားလုံးကို ရွှေ့ဆိုင်းကြောင်း ရုရှက နိုဝင်ဘာ ၆ ရက်က ကြေညာခဲ့သည်။

နိုင်ငံသို့ ပြန်လာလိုသည် ရုရှကမ္ဘာလှည့်ခရီးသည်များအတွက် အထူးလေယာဉ် ဒါဇင်ချီကို စီစဉ်ကာ ပြေးဆွဲခြင်းဖြစ်သည်။

ရုရှနိုင်ငံသားအများဆုံးပါဝင်သည့် လေယာဉ်ပျက်ကျမှုတွင် လိုက်ပါသူ ၂၂၄ ဦးသေဆုံးခြင်းအတွက်လည်း စိန့်ပီတာစဘတ်တွင် သတိရအောက်မေ့ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။

ရုရှလေယာဉ်ပျက်ကျခြင်းသည် ဗုံးကြောင့် ပျက်ကျခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟုလည်း ဗြိတိန်က ယူဆကာ ၎င်း၏ အီဂျစ်နိုင်ငံသို့ လေကြောင်းခရီးစဉ်များကိုလည်း ရပ်ဆိုင်းခဲ့သည်။

ရုရှက ဗြိတိန်၏လုပ်ရပ်ကို အစောပိုင်းက ဝေဖန်အပြစ်ပြောသော်လည်း နိုဝင်ဘာ ၆ ရက်တွင် အီဂျစ်သို့ ရုရှလေယာဉ်များ ပျံသန်းခြင်းကို ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

အီဂျစ်တွင် လာရောက်လည်ပတ်သူ သုံးဦးလျှင် တစ်ဦးနှုန်းမျှက ရုရှခရီးသည်များဖြစ်ကြသည်။ ၂၀၁၄ ခုနှစ်အတွင်းက အီဂျစ်သို့ရောက်ရှိသည့် ရုရှဦးရေသည် သုံးသန်းနီးပါးမျှ ရှိခဲ့သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required