‘ဘရာဇီးလ်ကို အနိုင်ယူခဲ့ရတာထက် ပိုကောင်းတယ်’ - မူလာ 

‘ဘရာဇီးလ်ကို အနိုင်ယူခဲ့ရတာထက် ပိုကောင်းတယ်’ - မူလာ 
Photos: EPA

စံချိန် ချိုးဖျက်သွားတဲ့ သောမတ်စ် မူလာက ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင် ဘရာဇီးလ်ကို ဂျာမနီက ၇-၁ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲထက်စာရင်  သောကြာနေ့က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘာစီလိုနာကို ၈-၂ ဂိုးနဲ့ ချေမှုန်းခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ နိုင်ပွဲက ပွဲပြီး ကောင်းမွန်ခဲ့တယ်လို့ ပြောဆိုသွားပါတယ်။ 

ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် ပထမပိုင်းအတွင်း ၄ ဂိုးသွင်းခံရပြီး ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမား မူလာက နှစ်လုံးသွင်းယူပေးကာ ပထမပိုင်းမှာတင် ဘိုင်ယန်က ၄-၁ ဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။ 

ဒုတိယပိုင်းမှာ ကင်မစ်ချ်နဲ့ လီဝန်ဒေါစကီးတို့ဆီက ဂိုးတွေနဲ့အတူ ဘာစီလိုနာကနေ အငှားနဲ့ သွားကစားနေတဲ့ လူစားဝင် ကော်တင်ဟိုကလည်း နှစ်ဂိုးသွင်းယူခဲ့တာကြောင့် ဘာစီလိုနာတို့့ ဥရောပမှာ အကြီးအကျယ်အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ 

"ကျနော်တို့ (ဂျာမနီ)ဟာ ဘရာဇီးလ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တုန်းက ဒီကနေ့ညလို ပွဲကို ထိန်းချုပ်မထားနိုင်ခဲ့ပါဘူး။"လို့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ သမိုင်းဝင် ဂိုး သွင်းယူခဲ့တဲ့ မူလာက အခိုင်အမာပြောဆိုခဲ့ပါတယ်။ 

"ဘာစီလိုနာကို အလုံးစုံတားဆီးဖို့ဆိုတာ ဘယ်တော့ဖြစ်လာနိုင်မှမဟုတ်ပေမယ့် ကျနော်တို့ဟာ သူတို့ရဲ့ ကွင်းလယ်ကို နေရာမရှိအောင် လုပ်ခဲ့တယ်။ ဒါက ကျနော်တို့ လုပ်ချင်တဲ့အတိုင်း လုပ်ပြနိုင်ခဲ့တာပါ။" 

အသက် ၃၀ နှစ်အရွယ် မူလာဟာ ဖီးလစ်လမ်းရဲ့ ချန်ပီယံလိဂ်ပွဲအများဆုံးကစားထားတဲ့ စံချိန်ကို ၁၁၃ ပွဲနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

"ကျနော်တို့က ဒီစံချိန်မှတ်တမ်းတွေအကြောင်း ပြောနေတာ ရပ်တန့်ဖို့လိုပါတယ်။ ဒါတွေက အချက်အလက်တစ်ခုသာဖြစ်တယ်။"လို့ မူလက ပြောပါတယ်။

"ဒီပွဲအကြောင်းကို ပြောဖို့ ပိုကောင်းတဲ့ အရာတွေအများကြီးပါ။ 

"ကျနော်တို့ရဲ့ အသင်းစိတ်ဓာတ်က အရမ်းကို ကောင်းပြီး အဓိကကတော့ ကျနော်တို့ဟာ ကွင်းထဲမှာ ကျနော်တို့ လုပ်ချင်တာကို လုပ်ပြနေတာပါပဲ။" 

ဘိုင်ယန်ဟာ ချန်ပီယံလိဂ်မှာ အဓိကပြိုင်ဘက်တွေကို ဖြုတ်ချခဲ့ပြီးနောက်မှာ မူလက ဘာအောင်မြင်မှုမှ မရရှိသေးဘူးလို့ သတိပေးခဲ့ပါတယ်။

ဘိုင်ယန်ဟာ လာမယ့် ဆီးမီးဖိုင်နယ်ပွဲစဉ်ကို မန်ချက်စတာစီးတီး ဒါမှမဟုတ် လိုင်ယွန်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

"ကျနော့်အနေနဲ့ ကျနော်တို့ ဒီလိုစွမ်းဆောင်ရည်မျိုးကို ဒီလိုဖိအားပေးမှုအောက်မှာ လုပ်ဆောင်ပြနိုင်တာ အားရဝမ်းသာမိတယ်။"လို့ သူက ပြောပါတယ်။ 

"ကျနော့်အတွေ့အကြုံအရ အခုဆိုရင် ပိုပြီးခက်ခဲလာပါပြီ။ ၀-၀ ဆိုတဲ့အနေအထားမျိုးတဲ့ ပြစရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာတော့ အသင်းတွေက ပိုဆိုးလာမှာ မဟုတ်ဘဲ ပိုကောင်းလာကြမှာပါ။" 

"ကျနော်တို့ ပြုံးပျော်ပြီး အိပ်ယာဝင်နိုင်ပြီး နိုင်ပွဲကို ပျော်ရွှင်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီပြိုင်ပွဲမှာ ဆက်နေလိုပါတယ်။"

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly