ကမ္ဘာ့ရေနံစျေး ဆက်လက်ကျမည်ဖြစ်၍ ပင်လယ်ကွေ့နိုင်ငံများ ဘတ်ဂျက်အသုံးစရိတ် စိစစ်သင့်ဟု IMF သတိပေး

ကမ္ဘာ့ရေနံစျေး ဆက်လက်ကျမည်ဖြစ်၍ ပင်လယ်ကွေ့နိုင်ငံများ ဘတ်ဂျက်အသုံးစရိတ် စိစစ်သင့်ဟု IMF သတိပေး

ကမ္ဘာ့ရေနံဈေး ဆက်လက်ကျဆင်းနေဦးမည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အကြီးအကဲ ခရစ္စတင်းလာဂတ်က သတိပေးလိုက်ပြီး ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် ၎င်းတို့၏ ဘတ်ဂျတ်ကို ထိန်းထိန်းသိမ်းသိမ်းရှိကြရန် တိုက်တွန်းပြောကြားလိုက်သည်။

ကာတာနိုင်ငံ ဒိုဟာမြို့တော်တွင် နိုဝင်ဘာ ၈ ရက်က ပင်လယ်ကွေ့ခြောက်နိုင်ငံ ပူးပေါင်းကောင်စီ GCC မှ ဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် ရေရှည် မှီခိုသွားရနိုင်မည်မဟုတ်ကြောင်း ၎င်းက သတိပေးလိုက်သည်။

"ရေနံဈေး ဆက်ကျနေဦးမယ်ဆိုတာ ကျွန်မတို့ ယုံကြည်ထားပါတယ်။ ဒါကြောင့်မို့ ပင်လယ်ကွေ့နိုင်ငံတွေအနေနဲ့ ဘတ်ဂျတ်အတွက် ချင့်ချင့်ချိန်ချိန် လုပ်ဆောင်ထားသင့်တယ်ဆိုတာ ပြောလိုတယ်။"ဟု လာဂတ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

GCC နိုင်ငံများ၏ ဖွံ့ဖြိုးနှုန်းက ယခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းမှ ၂၀၁၆ တွင် ၂ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းလိမ့်မည်ဟု IMF က ထင်မြင်ထားကြောင်းလည်း ပြောသည်။ ပို့ကုန်ဘဏ္ဍာငွေက ရေနံဈေးကျခြင်းကြောင့် ယခုနှစ်တွင် ၂၀၁၄ ကထက် နိမ့်ကျကာ အမေရိကန်ဒေါ်လာ ၂၇၅ ဘီလီယံသာရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ရေနံဈေးက ၂၀၁၄ အစမှစကာ ထက်ဝက်ကျော်မျှ ကျဆင်းနေခြင်းဖြစ်သည်။ နိုင်ငံတကာ စံ Brent ကုန်သွယ်မှုတွင် နိုဝင်ဘာ ၆ ရက်က ဒီဇင်ဘာအတွက် ကြိုပွိုင့်ပေါက်ဈေးမှာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၄၂ ဒေါ်လာ ဈေးပေါက်သည်။

အသုံးစရိတ်တွင် ထိန်းညှိခြင်းအပါအဝင် အထူးသဖြင့် ပြည်သူ့ကဏ္ဍနှုန်းထားများနှင့် ပုဂ္ဂလိကကဏ္ဍာဖွံ့ဖြိုးရေးတို့ကို ချင့်ချိန်သင့်ကြောင်း လာဂတ်က ပြောသည်။

ကူဝိတ်၊ ဘာရိန်း၊ အိုမန်၊ ဆော်ဒီအာရေဗျ၊ ကာတာနှင့် ယူအေအီးနိုင်ငံများ ပါဝင်သည့် GCC ပင်လယ်ကွေ့ခြောက်နိုင်ငံအတွက် ဘတ်ဂျတ်အသုံးစိစစ်ခြင်းများ အဆောတလျင် ဆောင်ရွက်ရန်အတွက် လာဂတ်က တိုက်တွန်းပြောကြားခဲ့သည်။Ref ; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required