တရုတ်ကျောထောက်နောက်ခံ ရွှေကုက္ကိုမြို့သစ်ရှိ လောင်းကစားလုပ်ငန်းများကို စုံစမ်းစစ်ဆေးမည် 

By Nikkei Asian Reviews
12 August 2020
တရုတ်ကျောထောက်နောက်ခံ ရွှေကုက္ကိုမြို့သစ်ရှိ လောင်းကစားလုပ်ငန်းများကို စုံစမ်းစစ်ဆေးမည် 

ဩဂုတ် ၁၂
   
ထိုင်းနိုင်ငံနယ်စပ်အနီး မြန်မာနိုင်ငံအတွင်းရှိ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိ မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတစ်ခုသည် စီမံကိန်းစကတည်းက အငြင်းပွားဖွယ်ရာကိစ္စတစ်ခုအဖြစ်ရှိနေပြီး အရှေ့တောင်အာရှ၏ နောက်ဆုံးနယ်စပ်ဈေးကွက်၌ လျော့ရဲလာသောစည်းမျဉ်းများကို သတိမမူမိရာမှ မထင်မှတ်ဘဲ အန္တရာယ်ကျရောက်နိုင်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။   

ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော ယာထိုင်းအုပ်စုတည်ဆောက်ရေးလုပ်ငန်း (Yatai International Holding Group) ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသောအချက်အလက်အရ ရွှေကုက္ကိုမြို့သစ်သည် စီးပွားရေးလုပ်ငန်းများနှင့်အပန်းဖြေရာနေရာများပါဝင်ပြီး အကျယ်အဝန်းအားဖြင့် စတုရန်း ကီလိုမီတာ ၁၂၀ ခန့်ရှိသည်။

၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့သော မူလခွင့်ပြုမိန့်တွင် တန်ဖိုးကြီးအိမ်ရာဖွံ့ဖြိုးမှုစီမံကိန်းအတွက် အကျယ်အဝန်း စတုရန်းကီလိုမီတာ ၀.၁ သာ ခွင့်ပြုထားသည်။  ပြီးခဲ့သည့်နှစ်က ရွှေကုက္ကိုတွင် လောင်းကစားလုပ်ငန်းများစွာ စတင်ခဲ့သည်ဟု ဒေသမီဒီယာများတွင် ဖော်ပြထားသည်။ အဆိုပါလုပ်ငန်းများသည် တရုတ်နှင့်ကမ္ဘောဒီးယားမှ နှင်ထုတ်လိုက်သည့် အွန်လိုင်းလောင်းကစားလုပ်ငန်းများဖြစ်ကြောင်း သတင်းများတွင် ဖော်ပြကြသည်။

မြန်မာအစိုးရသည် အဆိုပါစီမံကိန်းကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရေးအစီအစဉ်များကို ဇွန်လက ကြေညာခဲ့သည်။  ဆောက်လုပ်ရေးလုပ်ငန်းများကိုလုပ်ကိုင်ရန် တရုတ်နိုင်ငံသားအလုပ်သမားများကို ခေါ်လာကြသည့်အတွက် ဒေသခံများအနေဖြင့် အဆိုပါစီမံကိန်းမှ အကျိုးအမြတ်တစ်စုံတစ်ရာမရရှိဟု ဆိုသည်။  

ယာထိုင်းဝက်ဘ်ဆိုက်တွင်ဖော်ပြထားချက်အရ ၎င်းစီမံကိန်းသည် တရုတ်တို့၏ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (BRI) စီမံကိန်း၏အစိတ်အပိုင်းဟုပြောဆိုထားသော်လည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Chen Hai က ပြီးခဲ့သည့်လက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့စဉ် BRI ၏ အစိတ်အပိုင်းမဟုတ်ကြောင်း ငြင်းဆိုထားသည်။  

နယ်စပ်မြို့၏စီမံကိန်းအရွယ်အစားသည် ခွင့်ပြုထားသည့်ပမာဏထက် ကျော်လွန်နေကြောင်း ယာထိုင်းကိုယ်စားလှယ်က အင်တာဗျူးတွင် ဝန်ခံထားသည်ကို ပြီးခဲ့သည်လထုတ် Frontier စာစောင်တွင် ဖော်ပြထားသည်။ ယခုအချိန်၌ ဆောက်လုပ်ရေးကဏ္ဍကို ရပ်ဆိုင်းထားပြီး မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ နောက်ထပ်ခွင့်ပြုမိန့်ကိုစောင့်နေသည်ဟု ဆိုသည်။ 

ရွှေကုက္ကို မြေနေရာသည် ကရင်ပြည်နယ်ရှိ မီးခိုးရောင်ဇုန်တွင် ရှိသောကြောင့် ယာထိုင်းအုပ်စုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုစည်းမျဉ်းများကို ဆန့်ကျင်ရာတွင် အကန့်အသတ်မရှိဖြစ်နေသည်။ ကရင်သူပုန်များသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီပြီးနောက် ပြည်နယ်တွင် နယ်ခြားစောင့်တပ်အဖြစ် တာဝန်ယူထားသည်။  

ယာထိုင်း၏ ဒေသခံမိတ်ဖက်သည် အဆိုပါတိုင်းရင်းသားလက်နက်ကိုင်နှင့်နှီးနွယ်မှုရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ဗဟိုအစိုးရနှင့် စစ်တပ်၏ ပါဝင်ပတ်သက်နိုင်သောအတိုင်းအတာကို ကန့်သတ်ထားသည်။ စီးပွားရေးလုပ်ပိုင်ခွင့်အာမခံချက်သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု မြန်မာစစ်တပ်ဘက်က ဆိုသည်။   

သို့သော် ရွှေကုက္ကိုတစ်ဝိုက်ရှိ အဆိုးမြင်ပြည်သူများ၏ သဘောထားများက စီမံကိန်းကိစ္စ တစ်စုံတစ်ရာဆောင်ရွက်ရန် အစိုးရအား တွန်းအားပေးခဲ့သည်။ ပွင့်လင်းမြင်သာမှုမရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်သည်းခံမည်မဟုတ်ဟု တာဝန်ရှိသူများက ဆိုသည်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏မြေးဖြစ်သူ သမိုင်းပညာရှင် ဒေါက်တာသန်းမြင့်ဦး၏ အဆိုအရ မြန်မာနိုင်ငံသည် တစ်ချိန်က အာဏာရှင်ဆန်သောနိုင်ငံဖြစ်ခဲ့သည်ဟု ဆိုသည်။  ထိုအမွေအနှစ်သည် သူပုန်များ၊ တပ်မတော်နှင့် နိုင်ငံရေးအရဆက်စပ်သော စီးပွားရေးလုပ်ငန်းရှင်ကြီးများချုပ်ကိုင်ထားသော ရင်းမြစ်များနှင့် အိမ်ခြံမြေဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ပိုင်ခွင့်များတွင် ယနေ့ထိတိုင် ရှိနေသည်။

ဥပဒေလိုက်နာမှုအားနည်းခြင်းကြောင့် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် အဖိုးတန်လုပ်ငန်းများနှင့် စီးပွားဖက်များကိုရှာဖွေရာတွင် ရှုပ်ထွေးမှုများဖြစ်ပေါ်စေသည်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် ပိုမိုတင်းကျပ်သော စည်းမျဉ်းများသတ်မှတ်ပြဋ္ဌာန်းခြင်းသည် အလွန်အရေးပါသောအရာဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly