ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်
ဓာတ်ပုံ - သူရ /မဇ္ဈိမ

ဩဂုတ် ၄

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ရန်ကုန်တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ယနေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက လာရောက်တင်သွင်းခဲ့သည်။

ဓာတ်ပုံ - သူရ /မဇ္ဈိမ

ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ တာဝန်ခံ ဦးကျော်မိုးကြည်က  “၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်အရွေးချယ် ခံဖို့အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းလာရောက်တင်သွင်းတာ ဖြစ်ပါတယ်။ အဲဒီတင်သွင်းတာကို ကျွန်တော်တို့ ဒီနေ့ ခရိုင်ကော်မရှင်ကနေ စီစစ်လက်ခံပြီးတော့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ” ဟု ပြောသည်။

ဓာတ်ပုံ - သူရ /မဇ္ဈိမ

ဒီလိုကိုယ်စားလှယ်လောင်း အမည်စာရင်း လာရောက်တင်သွင်းသည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြိုဆိုသူများရှိသလို လယ်ယာမြေကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ကြားစာတိုက်ရိုက်ပေးရန် ကြိုးစားခဲ့သူများလည်း ရှိခဲ့သည်။

ဒီလိုတိုင်ကြားစာ တိုက်ရိုက်ပေးဖို့ ကြိုးတဲ့အချိန်မှာ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ တိုင်ကြားစာပေးသူတွေအကြား ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ပြီး တိုင်ကြားစားပေးသူတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိတွေက တွေ့ဆုံ ညှိနှိုင်းပြီး တိုင်ကြားစာကို လက်ခံခဲ့ပါတယ်။

ဓာတ်ပုံ - သူရ /မဇ္ဈိမ

ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဟိုတယ်လုပ်ငန်းရှင်ဦးဌေးအောင် တို့ကဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - သူရ /မဇ္ဈိမ

ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ဩဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။
၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းရှစ်သောင်းကျော်ရှိကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရသည်။

ကော့မှူးမြို့နယ် မဲဆန္ဒနယ်သည် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့တွင် နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။

ယခုနှစ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကိုတော့ လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပါတီပေါင်း ၉၀ကျော်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly