အလုပ်သမား ၇၀၀ခန့် ၏လုပ်ခလုပ်စာ အမှု တွင် ဂျာမနီနိုင်ငံသား ၆ကြိမ်မြောက် ရုံးချိန်း မလာရောက်

အလုပ်သမား ၇၀၀ခန့် ၏လုပ်ခလုပ်စာ အမှု တွင် ဂျာမနီနိုင်ငံသား ၆ကြိမ်မြောက် ရုံးချိန်း မလာရောက်

သြဂုတ် ၄ရက်

ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်၊စက်မှုဇုန် (၁) မိုးကုတ်လမ်းမှာဖွင့်လှစ်ထားတဲ့ ဂျာမနီနိုင်ငံသားပိုင် Euro Gate အထည်ချုပ်စက်ရုံက အလုပ်သမား ၇၀၀ခန့်ဟာ မတ်လ နဲ့ ဧပြီလတွေရဲ့ အချိန်ပိုကြေး အပါအဝင် လုပ်ခလစာအပြည့် မရှိသေးတာကြောင့် တောင်ဒဂုံမြို့နယ်အလုပ်ရုံးနဲ့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန က တောင်ဒဂုံမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားကြောင်းသိရသည်။  

 “ အလုပ်ရှင်မလာတာ ဒါနဲ့ဆို ငါးကြိမ်ရှိပြီ။မလာတာ။ ပျက်ကွက်တယ်။ တရားရုံးက ရုံးပဲပြန်ချိန်းနေတယ်။ စွဲထားတာလည်း နိုင်ငံတော်အမှုပါ။အလုပ်သမားဦးစီးဌာနက တရားလိုလုပ်စွဲတာပါ။ အစိုးရရဲ့ဥပဒေအရာရှိက သူတရားရုံးကို တင်ပြရမယ့်ကိစ္စလို့ မြင်ပါတယ်။ဝရမ်းထုတ်ဖို့ ကိစ္စက ၅ ချိန်းဆိုတော့ လိုအပ်နေပြီ “လို့ လိုက်လံကူညီပေးနေတဲ့ Labour Power Group အဖွဲ့က  ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မျိုးထွေးက ပြောပါတယ်။  

ဂျာမနီနိုင်ငံသား Mr.Fronz Koller က မတ်လရဲ့ အခြေခံလခကိုပေးချေခဲ့ပြီး အခြားရဖို့ကျန်ရှိနေသေးတဲ့ လုပ်ခ နဲ့ ဧပြီလ ၁၉ ရက်နေ့အထိ လုပ်ခတွေကိုပေးချေခြင်းမရှိဘဲ အဲ့ဒီစက်ရုံကို ဧပြီလ ၂၀ရက်နေ့မှာ စတင်ပိတ် ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို စက်ရုံပိုင်ရှင်ဘက်က စက်ရုံကိုပိတ်သိမ်းခဲ့တဲ့အတွက် စက်ရုံအလုပ်သမားတွေက မြို့နယ်အလုပ်သမား ရုံးကို တိုင်ကြားခဲ့တာလဲ ဖြစ်ပါတယ်။

မေလအတွင်းမှာတော့ စက်ရုံပိုင်ရှင် ဂျာမနီနိုင်ငံသား Mr.Fronz Koller ကို တောင်ဒဂုံမြို့နယ်အ လုပ်ရုံး နဲ့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက အခကြေးငွေပေးချေနည်းဥပဒေပုဒ်မ ၂၄ နဲ့ မတ်လအတွက် အမှုနဲ့ ဧပြီလ အတွက်အမှု စုစုပေါင်း အမှု ၂ မှုနဲ့ တရားစွဲဆိုထားတာဖြစ်တယ်လို့ Labour Power Group အဖွဲ့က  ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မျိုးထွေးက ပြောပါတယ်။  

ပထမအကြိမ်ရုံးချိန်းကို ဇွန်လ ၈ရက်က ပြုလုပ်ခဲ့ပေမယ့် မတ်လအတွင်း ပြုလုပ်တဲ့ရုံးချိန်း ၅ချိန်း နဲ့ ဧပြီလ အတွက် ရုံးချိန်း ၁ချိန်းကို စက်ရုံပိုင်ရှင်လာရောက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။

 “ လက်ရှိမှာလေယာဉ်တွေကလည်း ပိတ်ထားတော့ ဘယ်ကပြေးမလဲဆိုတာ အလုပ်သမားဦးစီးဌာနကတော့ ပြောတယ်။ ရုံးချိန်းတိုင်းကို သူလာတယ်။ အလုပ်သမားဘက်က သက်သေတွေ၊အလုပ်သမားအဖွဲ့အစည်းတွေ လာတယ်။ ရုံးချိန်းတိုင်းကို ကျနော်တို့ပဲလာနေတာ “လို့ ဦးကျော်မျိုးထွေးက ပြောပါတယ်။

အခကြေးငွေပေးချေနည်းဥပဒေကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ပြဌာန်းခဲ့ပြီး ပုဒ်မ ၂၄အရ ပြစ်မှုထင်ရှားပါက ၃လထက်မပိုသောထောင်ဒဏ်ဖြစ်စေ ၊ဒဏ်ငွေ ကျပ်သိန်း၂၀ ထက်မပိုသောငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း သိရှိရသည်။

EURO Gate အထည်ချုပ်စက်ရုံဟာ အထည်မျိုးစုံကိုချုပ်လုပ်ထားတဲ့ စက်ရုံဖြစ်ပြီး တစ်ခြားစက်ရုံရဲ့ အော်ဒါတွေကို တဆင့်ခံပြန်လည်ချုပ်လုပ်ရတဲ့ စက်ရုံလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly