မြစ်ကြီးနားတွင် ကြိုတင်မဲ ရေတွက်ဆဲ၊ လက်မှတ်များတွင် ခဲတံ၊ ဘောပင်ဖြင့် ခြစ်ထားသည်ကိုတွေ့ရ

မြစ်ကြီးနားတွင် ကြိုတင်မဲ ရေတွက်ဆဲ၊ လက်မှတ်များတွင် ခဲတံ၊ ဘောပင်ဖြင့် ခြစ်ထားသည်ကိုတွေ့ရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် နိုဝင်ဘာလ ၉ ရက် နံနက် ၈ နာရီခွဲချိန်ထိ ကြိုတင်မဲများ ရေတွက်နေဆဲ ဖြစ်ပြီး မဲလက်မှတ်များသည် ခဲတံ၊ ဘောပင်များဖြင့် အမှန်ခြစ်ထားသဖြင့် သံသယ ရှိနေသည်ဟု အတိုက်ခံ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များက ပြောသည်။

“မြစ်ကြီးနားမြို့ ကြိုတင်မဲတွေ အမှန်ခြစ်တဲ့ဟာတွေ တင်ထားတာ။ အခု ကျနော်မေးလိုက်တော့ နိုဝင်ဘာလ ၁ ရက်နေ့နောက်ပိုင်း ထည့်တဲ့မဲတွေ အကုန်လုံးက တံဆိပ်တုံးနဲ့ ဖြစ်ရမယ်ဆိုတာတော့ အငြင်းပွားနေတာ ကြားတယ်။ အဲဒါ ကျနော်ကြည့်လိုက်တော့ အမှန်ခြစ်နေတယ်။ မဲလက်မှတ်တွေက ခဲတံ၊ ဘောပင်တွေနဲ့ အမှတ်ခြစ်တဲ့ဟာ အဲဒီတချက်တော့ တမျိုးဖြစ်နေတယ်။ နောက်ပြီး တပ်က ကြိုတင်မဲတွေ မယူရသေးဘူး။ စစ်တပ်က လူတွေက နောက်တနေရာများ ပေးတလား။ အဲဒီလိုမျိုးတကယ်ရှိလားဆိုတာ နည်းနည်းတော့ သံသယ ဝင်နေတယ်”ဟု NLD မှ မြစ်ကြီးနား ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ဦးအင်ထုံးခါးနော်ဆမ်က ပြောသည်။

နိုဝင်ဘာ ၈ရက် ညသန်းကောင်ယံကလည်း ကြိုတင်မဲ ၁၅,၀၀၀ကျော် ရောက်ရှိခဲ့ပြီး ယင်း ကြိုတင်မဲများကို ရေတွက်ကြည့်ရာတွင် ကြံ့ခိုင်ရေးပါတီအတွက် မဲများ ဖြစ်နေသည်။ သို့သော် ၎င်းကြိုတင်မဲများသည် ညသန်းကောင်ယံအချိန်မှ ရောက်လာတာကြောင့် ဥပဒေနဲ့ မညီဟုဆိုကာ ပယ်ဖျက်ထားကြောင်း သတင်းထွက်ပေါ်နေသည်။ သို့သော် မဇ္ဈိမကတော့ သီးခြား အတည်မပြုနိုင်ခြင်း မရှိသေးပေ။

“အခုထိ ကြိုတင်မဲတွေ ရေတာ မပြီးနိုင်သေးဘူး။ ပြည်သူ့လွှတ်တော်က ပြီးခါနီးပြီ။ ညက ပြည်သူ့လွတ်တော်။ အမျိုးသားလွတ်တော်။ တိုင်းဒေသကြီးလွတ်တော်တို့ အကုန်လုံး ပြန်ခွဲတာ။ ခွဲပြီးတော့ ၁၂ နာရီထိုးမှ ခွဲပြီးတယ်။ ၁၂ နာရီကနေ ပြည်သူ့လွတ်ကို စ ရေတွက်တယ်၊ ဦးညွန့်ဝင်းက မဲ ၇ ထောင်ကျော်လောက်ရမယ်။ ဒါပေမဲ့ အဖြေမထွက်သေးဘူး”ဟု သူက ဆက်လက်ပြောဆိုသည်။

လက်ရှိ မြို့နယ်ကော်မရှင်တွင် ကြိုတင်မဲများ ရေတွက်ချက်အရ ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညွန့်ဝင်းက မဲပေါင်း ၇၀၀၀ ကျော် ရရှိနေပြီ ဖြစ်ကြောင်း သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required