အမေရိကန်၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၅၀ ၀၀၀ ကျော်ရှိလာပြီး ၁ မိနစ် လူ ၁ ယောက်နှုန်းသေဆုံးလျက်ရှိ

အမေရိကန်၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၅၀ ၀၀၀ ကျော်ရှိလာပြီး ၁ မိနစ် လူ ၁ ယောက်နှုန်းသေဆုံးလျက်ရှိ

ဇူလိုင် ၃၀

အမေရိကန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၅၀ ၀၀၀ ကျော်ရှိသွားစဉ်၌ ဗုဒ္ဓဟူးနေ့က တစ်မိနစ်ကို တစ်ယောက်နှုန်းထားဖြင့် သေဆုံးခဲ့သည်။

ဗုဒ္ဓဟူးနေ့က ထပ်မံသေဆုံးသူ ၁ ၄၆၁ ဦးရှိခဲ့ပြီး မေလ ၂၇ ရက်က  ၁ ၄၈၄ ဦးသေဆုံးခဲ့ပြီးနောက်ပိုင်း တစ်ရက်အတွင်း သေဆုံးမှုအများဆုံး နေ့တစ်နေ့ဖြစ်ခဲ့သည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုသည် နှစ်လအတွင်း အလျင်မြန်ဆုံးနှုန်းထားဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ၁၁ ရက်အတွင်း သေဆုံးသူ ၁၀ ၀၀၀ ထိ မြင့်တက်ခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ဇွန်လကတည်းက ပထမဆုံးအကြိမ်အဖြစ် တစ်ပတ်ပြီးတစ်ပတ် ရောဂါကူးစက်မှုအရေအတွက် ကျဆင်းခဲ့သော်လည်း ကိုဗစ်-၁၉ ကြောင့်သေဆုံးမှုသည် သီတင်းပတ်သုံးပတ်ဆက်တိုက် မြင့်တက်ခဲ့သည်။

ယခုလ၌ အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါနှင့် တက္ကဆက်ပြည်နယ်များတွင် ရောဂါကူးစက်မှုမြင့်တက်ခဲ့ပြီး ဆေးရုံများတွင် လူနာများဖြင့် ပြည့်လျှံနေခဲ့သည်။ ထိုသို့ကူးစက်မှုမြင့်တက်လာသောကြောင့် ပြန်လည်ဖွင့်လှစ်ခဲ့သောစီးပွားရေးလုပ်ငန်းများ တစ်ဖန်ပြန်ပိတ်သိမ်းရန် ပြည်နယ်များအား တွန်းအားဖြစ်စေခဲ့သည်။

ယခုလ၌ တက္ကဆက်တွင် ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၄ ၃၀၀ ဦး၊ ဖလော်ရီဒါတွင် ၂ ၉၀၀ ဦးနှင့် လူဦးရေအများဆုံးဖြစ်သည့် ကယ်လီဖိုးနီးယားတွင် ၂ ၇၀၀ ဦး အသီးသီးရှိသည်။

ရောဂါဖြစ်ပွားမှုအဆိုးဆုံး နိုင်ငံ ၂၀ အနက် အမေရိကန်က လူတစ်သိန်းလျှင် ၄၅ ဦးနှုန်းဖြင့် သေဆုံးလျက်ရှိပြီး သေဆုံးမှုနှုန်း အများဆုံး အဆင့်ခြောက်တွင်ရှိကာ ယူကေ၊ စပိန်၊ အီတလီ၊ ပီရူးနှင့် ချီလီနိုင်ငံတို့က အမေရိကန်ထက် သေဆုံးနှုန်းပိုများသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly