မဲပေးမှုမှာ အစီအစဉ်ကျသော်လည်း ချွတ်ယွင်းချက်များမကင်းဟု အီးယူလေ့လာသူပြောကြား

မဲပေးမှုမှာ အစီအစဉ်ကျသော်လည်း ချွတ်ယွင်းချက်များမကင်းဟု အီးယူလေ့လာသူပြောကြား

ရန်ကုန်၊ နိုဝင်ဘာ ၈ ။           ။ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် မဲပေးမှုက အပြစ်အနာများမကင်းသော်လည်း ယင်းမှာ နေရာကွက်ပြီး ဖြစ်သည့် ပြသနာတစ်ခုသာဖြစ်နိုင်ကြောင်း အီးယူရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှု မစ်ရှင်အကြီးအကဲ အလက်ဇန်ဒါလမ်းစ်ဒေါဖ်က နိုဝင်ဘာ ၈ တွင် ပြောကြားခဲ့သည်။

အနောက်နိုင်ငံအစိုးရများက လွတ်လပ်၍ တရားမျှတမှုမရှိဟု ဝေဖန်ခဲ့သည့် ရွေးကောက်ပွဲတစ်ခုမှ လက်ရှိအစိုးရ စတင်အာဏာရလာသည့် ၂၀၁၀ပြည့်နှစ်နောက်ပိုင်း ပထမဆုံးပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် သန်း၃၀ကျော်သည် နိုဝင်ဘာ၈က မဲရုံများဆီသို့ မဲသွားပေးကြသည်။

ရွေးကောက်ပွဲကျင်းပစဉ် နိုင်ငံတကာမှ လေ့လာသူများကို မြန်မာက ဖိတ်ခေါ်ခဲ့သည်။ သာဓကအားဖြင့် အီးယူသည် အဖွဲ့ဝင်နိုင်ငံ ၂၈ နိုင်ငံမှ လေ့လာသူ ၁၅၀ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။ လေ့လာသူများသည် နိုင်ငံတစ်ဝန်း၎င်းတို့ သွားရောက်မည့်နေရာများကို သတ်မှတ်ကာ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်အပေါ်တုံ့ပြန်ခြင်းများ အပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ သော့ချက်ကျသည့် ကိစ္စများစွာကို စောင့်ကြည့်မည်ဖြစ်သည်။

"ယေဘုယျအားဖြင့်တော့ ဒါက အစီအစဉ်ကျတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ဒါပေမဲ့ ချွတ်ယွင်းချက်တွေတော့ မကင်းပါဘူး။ ဒီဟာက (အားလုံးကို) ကိုယ်စားပြုမပြု သိရှိဖို့ နိုင်ငံရဲ့ အခြားနေရာတွေက သတင်းအချက်အလက်တွေကို စုဆောင်းရဦးမှာပါ"ဟု လမ်စဒေါဖ်ကပြောသည်။ သို့သော်လည်း မဲပေးမှုလုပ်ငန်းစဉ်တွင် မည်သည့်ချွတ်ယွင်းချက်များတွေ့ခဲ့သည်ဆိုသည်ကိုမူ ၎င်းက ပြောကြားရန်ငြင်းဆိုခဲ့သည်။

"ဒါနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့ အခုမပြောနိုင်သေးပါဘူး။ ဒါပေမဲ့ နိုင်ငံတစ်ဝန်းလုံးကနေ လုပ်ငန်းစဉ်တစ်ခုလုံးကို စစ်ဆေးပြီးတာနဲ့ ပြောသွားမှာပါ"ဟု ၎င်းကဆိုသည်။ "မဲရုံတွေဆီကို ကျွန်တော်တို့ လူ ၁၅၀ လွှတ်ထားပါတယ်။ ဟိုကဒီက အပြစ်အနာတစ်ခုဟာ လုံးဝတော့ ကိုယ်စားမပြုနိုင်ပါဘူး။ နေရာကွက်ပြီးဖြစ်တာသာ ဖြစ်နိုင်ပါတယ်"ဟုလည်း ၎င်းကပြောကြားခဲ့သည်။

မြန်မာအနေဖြင့် ပိုမိုပွင့်လင်းမြင်သာမှုရှိရေးဆီသို့ ပထမဆုံးခြေလှမ်းကို လျှောက်လှမ်းလိုက်ပြီဖြစ်သော်လည်း အနာဂါတ်တွင် လုပ်စရာများပြားစွာရှိနေသည်ဟု ယုံကြည်ကြောင်း မစ္စတာလမ်စ်ဒေါဖ်က ပြောကြားခဲ့သည်။ "အခုက မြန်မာအစိုးရက နိုင်ငံတကာ လေ့လာသူတွေကို ဖိတ်ကြားတာ ပထမဆုံးအကြိမ်ပါ။ ပြီးတော့ ဒါဟာ ပိုမိုပွင့်လင်းမြင်သာရေးအတွက် ပထမခြေလှမ်းလို့ ယုံကြည်ပါတယ်။  အနာဂတ်ရွေးကောက်ပွဲတွေမှာ တိုးတက်မှုရှိလာဖို့ အကြံပြုတာတွေ ပြုလုပ်သွားမှာပါ"ဟုလည်း ၎င်းကပြောသည်။

"ခြောက်ပစ်ကင်းသဲလဲစင်ရွေးကောက်ပွဲတော့ ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ အသွင်ကူးပြောင်းရေးကာလ လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ နိုင်ငံတစ်ခုဟာ လုပ်စရာတစ်ချို့တော့ ရှိနေအုံးမှာပါ"ဟု ၎င်းက ထပ်ပြောသည်။
လေ့လာသူများသည် လုပ်ငန်းစဉ်နှင့် မညီသည့်အရာတစ်ခုတွေ့သော်လည်း စွက်ဖက်မည်မဟုတ်ဟု မစ္စတာလမ်စ်ဒေါဖ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly