တာဝန်မှရပ်နားခံခဲ့ရသည့် ဝါးခယ်မမြို့နယ် NLDပါတီအလုပ်အမှုဆောင်များ ပါတီဌာနချုပ်တာဝန်ရှိသူများ နှင့်တွေ့ဆုံခွင့်မရ

တာဝန်မှရပ်နားခံခဲ့ရသည့် ဝါးခယ်မမြို့နယ် NLDပါတီအလုပ်အမှုဆောင်များ ပါတီဌာနချုပ်တာဝန်ရှိသူများ နှင့်တွေ့ဆုံခွင့်မရ
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ဇူလိုင် ၁၆ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ မြို့နယ်အလုပ်အမှု ဆောင်များ တာဝန်မှရပ်နားခံရမှုအပေါ် ဖြေရှင်းပေးရန်အတွက် ၎င်းရပ်နားခံရသည့် အလုပ်အမှုဆောင်များထဲမှ ၁၂ဦးက ဇူလိုင် ၁၆ရက်နေ့တွင် ဗဟန်းမြို့ရှိ NLDရုံးချုပ်မှတာဝန်ရှိသူအား လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌကို လွန်ခဲ့တဲ့ ၃လလောက်က တာဝန်က ရပ်နားလိုက်တယ်။ ဒီရပ်နားလိုက်တဲ့အခါမှာ ကျွန်တော်က မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေကို အစည်းအဝေးခေါ်တယ်။ ခေါ်ပြီးတော့ ကျွန်တော်တို့က ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်ပေါ့နော်။ ဆုံးဖြတ်ချက်ကို ကျွန်တော်က ဆန့်ကျင်တယ်ဆိုတဲ့ စာကိုရေးပြီး တင်လို့၊ ဒီစာမှာ ကျွန်တော်လက်မှတ်ထိုးလို့ ကျွန်တော်က ပါတီဝင်အဖြစ်ကပါ ရုတ်သိမ်းခံရတယ်။ ကျန်တဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေက ဗဟိုရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တယ်ဆိုတာကြောင့်အလုပ်အမှုဆောင်အဖွဲ့ကိုပါ ဖျက်သိမ်းတယ်ဆိုတဲ့ ဒေါက်တာမျိုးညွန့်ရဲ့ ပြောကြားချက်ကို ကျွန်တော်တို့က လာပြီးဖြေရှင်းတာပါ"ဟု ဝါးခယ်မမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်ကော်မတီမှ အတွင်းရေးမှူး ဦးအောင်ကြွယ်က ဆိုသည်။

ထိုသို့ ဖြေရှင်းပေးရန်အတွက် အဖွဲ့ချုပ်တာဝန်ရှိသူများအား နေ့လည် ၁၂နာရီအချိန်တွင် တာဝန်မှရပ်နားခံထား ရသူများက တွေ့ဆုံခွင့်တောင်းဆိုခဲ့သည်။

ပါတီဌာနချုပ်ရုံးမှ တာဝန်ရှိသူကမူ နေ့လည် ၂နာရီအချိန်တွင် ထိုသို့တွေ့ဆုံခွင့်တောင်းမည်ဆိုပါက ကြိုတင်အကြောင်းကြားစာပေးပို့ရမည်ဖြစ်ကြောင်းပြောဆိုမှုကြောင့် တွေ့ဆုံခွင့်တောင်းခံသူများက စာပေးပို့ခဲ့သည်။

သို့သော် နေ့လည် ၃ နာရီအချိန်အထိ ပါတီဌာနချုပ်ဘက်က တွေ့ဆုံခွင့်မပေးသေးကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်ကော်မတီတွင် ယခင်က ဥက္ကဋ္ဌအပါအဝင် ကော်မတီဝင် ၂၇ဦးရှိပြီး ပါတီဌာနချုပ်က မြို့နယ်ဥက္ကဋ္ဌဖြစ်သူကို လွန်ခဲ့သည့် လေးလခန့်က တာဝန်မှ ရပ်နားခဲ့သည်။

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ထို့နောက် ဇူလိုင် ၁၁ရက်တွင် ကော်မတီအတွင်းရေးမှူးဖြစ်သူကို ပါတီဌာနချုပ်က တာဝန်မှရပ်နားရုံသာမက ပါတီဝင်အဖြစ်က ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

ဇူလိုင် ၁၂ရက်နေ့တွင် ကျန်ရှိနေသည့် မြို့နယ်အလုပ်အမှုဆောင် ၂၅ဦးကိုပါ တာဝန်မှရပ်နားကြောင်းကို ပါတီဌာနချုပ်က စာဖြင့်အကြောင်းကြားပေးပို့ခဲ့ရာတွင် မြို့နယ်အလုပ်အမှုဆောင်များအနေဖြင့် ပါတီ၏ စည်းမျဉ်းစည်းကမ်းအား မလိုက်နာသောကြောင့် ပါတီတာဝန်မှရပ်နားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

တာဝန်မှ ရပ်နားခံရသူများကမူ ၎င်းတို့အနေဖြင့် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲကတည်းက NLDပါတီ၏ မူဝါဒအား အမြဲတမ်းလိုက်နာကြောင်း၊ အလုပ်အမှုဆောင်ကော်မတီ၏ ဥက္ကဋ္ဌအား ဥက္ကဋ္ဌအဖြစ်မှဖယ်ရှားခဲ့သည့်အပေါ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က ပါတီ၏လပတ်အစည်းအဝေး၌ အသနားခံစာတင်ခြင်းနှင့်အယူခံ ဝင်သည့် စာတင်ခြင်းသာရှိကြောင်း ဝါးခယ်မမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်ကော်မတီမှ အတွင်းရေးမှူး ဦးအောင်ကြွယ်က ဆိုသည်။

ထိုသို့ပါတီတာဝန်မှရပ်နားခံခဲ့ရသော်လည်း ပါတီကိုသာ အားပေးသွားဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများကိုလည်း ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း တာဝန်မှရပ်နားခံခဲ့ရသည့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ မသင်းသင်းကဆိုသည်။

"အမတို့ လုပ်ရမယ့်အလုပ်ကတော့ အမတို့က ဒီပါတီက မလုပ်ရလဲ NLDကိုပဲ အားပေးနေမှာ။ NLDကိုပဲ မဲဆွယ်နေမှာ။ စတစ်ကာတွေတောင် စုထားပြီးပြီ အမတို့အဖွဲ့က လုပ်မှာပါ NLDအတွက်ပဲ။ သေတဲ့အထိ လုပ်သွားမှာပါ" ဟု တာဝန်မှ ရပ်နားခံရသော မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မသင်းသင်းက ပြောသည်။

လက်ရှိတွင် မြို့နယ်အလုပ်အမှုဆောင်ကော်မတီအသစ် ထပ်မံဖွဲ့စည်းရန်အတွက် ဒေါက်တာမျိုးညွန့်အား တာဝန်ပေးထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required