ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ ဆာလီထွေး နှင့် အင်တာဗျူး

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ ဆာလီထွေး နှင့် အင်တာဗျူး

ဇူလိုင် ၁၂

လာမည့် ၂၀၂၀ခုနှစ် ၊ နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပရန်ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှနေ၍ ဝင်ရောက်ယှဉ်ပြိုင်မည့် မဆာလီထွေး ကိုမဇ္ဈိမက တွေ့ဆုံမေးမြန်းထားပါ တယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်သော မဆာလီထွေးသည် ကချင်မျိုးနွယ်စု ဘာသာစကား ၄ ခုကို ပြောတတ်သော ကချင်မျိုးနွယ်စုထဲမှ လီဆူလူမျိုးဖြစ်ပြီး တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ကာ လူငယ်အကြံပေးအဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ယူထားသူတစ်ယောက်ဖြစ်သည်။

ဒါ့အပြင် သူဟာ ကျားမတန်းတူညီမျှရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး၊ လူကုန်ကူးခံရသူများနှင့် တောင်သူလယ်သမားများအတွက် မြေယာအငြင်းပွားမှုများတွင်လည်း တတ်ကြွစွာပါဝင်ကူညီနေသူတစ်ယောက်လည်းဖြစ်သည်။

ထို့ကြောင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှု၊ အခက်ခဲနှင့် သူ၏ အတွေးအမြင်များကို မဇ္ဈိမပရိတ်သတ်များအတွက် မေးမြန်းတင်ဆက်ပေးထားခြင်းဖြစ်သည်။

မေး ။        ။ ပထမဆုံး ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကနေ ဘယ်မဲဆန္ဒနယ်ကနေကနေဝင်ပြိုင်မှာလဲ။

ဖြေ ။         ။ လျာထားခံရတာတော့ ခေါင်လန်ဖူးပေါ့နော်။ ခေါင်လန်ဖူး ပြည်သူ့လွှတ်တော်ကနေပြိုင်မှာ ဖြစ်ပါတယ်။

မေး ။        ။ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကနေဘာကြောင့် ဝင်ပြိုင်ဖြစ်တာလဲခင်ဗျ။

ဖြေ ။         ။ ဝင်ပြိုင်ရတဲ့အကြောင်းအရင်းက ကျွန်မတို့တိုင်းရင်းသားတွေ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရမှာပေါ့နော်။ ကျွန်မတို့ကို ကမ်းလှမ်းတဲ့ပါတီကြီးတွေလည်းရှိတယ်။ သူတို့ဆီမသွားဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ်ဒီပါတီက (၃) ပါတီပေါင်းစည်းထားတာကိုလည်း ကိုယ်ကဂုဏ်ယူတယ်။ ကချင်ပါတီပေါင်းစည်း သွားတာဂုဏ်ယူတယ်။ ပြီးရင် ကျွန်မတို့ကချင်ပါတီက ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတတ်ရေးကို စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်မယ်ပေါ့နော်။ ပြီးရင် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်တဲ့နေရာမှာလည်း ကိုကိုယ်တိုင် ကိုယ့်ပါတီကနေပြီးတော့ လုပ်တာက ပိုပြီးထိရောက်နိုင်တယ်ပေါ့နော်။ အဲ့လိုမျိုးခံယူချက်နဲ့ ကျွန်မဝင်ဖြစ်တာပါ။

မေး ။        ။ ဆရာမသုံးသပ်ထားသလောက်ဆိုရင် ကချင်ပြည်နယ်မှာက နိုင်ငံရေးပါတီတွေကနေပြီး ဘာတွေ အဓိကလုပ်ဆောင်ဖို့ လိုအပ်နေပြီလဲဗျ။

ဖြေ ။         ။ ပါတီတော်တော်များများက ငြိမ်းချမ်းရေးကိုလုပ်ဆောင်သင့်တယ်။ နောက်ပြီးရင် ဖွံ့ဖြိုးတိုးတတ် ရေးပေါ့နော်။ ကျွန်မဒေသမှာဆိုရင် ဖွံ့ဖြိုးတိုးတတ်ရေး လမ်းပန်းဆက်သွယ်ရေးကအစ လိုအပ်တယ်။ ဒါပေမယ့် အဓိကတော့ ငြိမ်းချမ်းရေးရှိဖို့လိုတယ်။ နောက်ပြီးရင် ကိုယ်ကိုတိုင်ပေါ့နော်။မီခိုတာမဟုတ်ဘဲ ပြည်နယ်ပါတီ၊ ပြည်သူ့လွှတ်တော် တိုင်းဒေသကြီးအစိုးရတွေ ပိုမိုကောင်းမွန်အောင်လုပ်ဖို့ လိုပါတယ်။

မေး ။        ။ ဟုတ်ကဲ့ပါ။ ဆရာမက KSPP Youth မှာလည်းပါဝင်တော့ တကယ်လို့အနိုင်ရခဲ့မယ်ဆိုရင် ဘာတွေလုပ်ဆောင်မယ်လို့ရော တွေးထားတာရှိလဲဗျ။

ဖြေ ။         ။ လူငယ်တစ်ယောက်အနေနဲ့ ပညာရေးကိုအဓိကလုပ်ဆောင်သွားမယ်။ ကျွန်မတို့ဒေသမှာရှိတဲ့ ပညာရေးကောင်းအောင်လုပ်ဆောင်သွားမယ်။ ပြီးရင်အမျိူးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးကိုအဓိကထား လုပ်ဆောင်မယ်။ ကျား/မ တန်းတူညီမျှရေးကိုလုပ်ဆောင်မယ်။ ပြီးရင် နိုင်ငံတော်ငြိမ်းချမ်းရေးမှာလည်း ကျွန်မတို့ ဒေသမှာလုပ်ဆောင်မှာဖြစ်ပါတယ်။

မေး ။        ။ လက်ရှိအချိန်မှာ ရွေးကောက်ပွဲကော်မရှင်ကလည်း တချို့အချက်အလက်တွေကိုစကြေငြာနေပြီ။ ဆိုတော့ ကချင်ပြည်နယ်နယ်ကနေဝင်ပြိုင်မယ့် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ဘာတွေများ ခက်ခဲတာရှိလဲ။

ဖြေ ။         ။ အခက်ခဲကတော့အများကြီးရှိတာပေါ့နော်။ အဓိကအခက်အခဲပြောမယ်ဆိုရင် မိုးတွင်းကာလဖြစ်တယ်။ ကိုဗစ်ကာလလည်းဖြစ်တယ်။ ရွေးကောက်ပွဲကတော့ ကျွန်မတို့ဒေသ မိုးတွင်းပြီးတာနဲ့ ရွေးကောက်ပွဲ ကာလဆိုတော့ ပြည်သူလူထုနဲ့ထိတွေ့မယ့်နေရာမှာ အားနည်းမှုတွေဖြစ်လာမှာပေါ့။ ဒါကိုပဲ စိုးရိမ်တာဖြစ်ပါတယ်။

မေး ။        ။ ပါတီတချို့က ကော်မရှင်အပေါ်မယုံကြည်ဘူးပြောတဲ့အပေါ်မှာရော ဘယ်လိုရှု့မြင်လဲ။

ဖြေ ။         ။ ဒါကတော့ နိုင်ငံရဲ့အခြေအနေအရဖြစ်နေတာပေါ့။ အများကြီး ပြုပြင်ပြောင်းလဲယူရမှာဖြစ်ပါတယ်။ မယုံကြည်တယ်။ ယုံကြည်တယ်ဆိုတာထက် ကျွန်မတို့က လက်တွဲစရာရှိတာလက်တွဲ၊ ပူးပေါင်းစရာရှိတာပူး ပေါင်းပြီး လုပ်စရာရှိတာ လုပ်ရဦးမှာဖြစ်ပါတယ်။ ကိုယ်မယုံကြည်ပေမယ့် ဆက်ပြီး ပူးပေါင်းပြီးတော့ ဉပဒေနဲ့အညီဖြစ်လာအောင် လမ်းကြောင်းတစ်ခုကိုတည့်မတ်ယူရမှာဖြစ်ပါတယ်။

မေး ။        ။ နိုင်မယ်လို့ယုံကြည်ထားလား။ ဘယ်သူတွေက အဓိကပြိုင်ဘက်ဖြစ်လာနိုင်လဲ။

ဖြေ ။         ။ ကျွန်မပြိုင်ဘက်တွေက နှစ်ဖွဲ့တော့ရှိပါတယ်။ အမည်တော့မပြောလိုပါဘူး။ ဒါပေမယ့် ကိုယ်ကစစ်မတိုက်ခင် မြှားတော့မကုန်စေနဲ့ပေါ့။ အကောင်းဆုံးကြိုးစားမယ်။ အဓိကပြည်သူလူထုပေါ်မူတည်ပါတယ် ရွေးကောက်ပွဲဆိုတာက။ သူတို့ရဲ့လက်ထဲမှာ ရှိတယ်လေ။ ကိုယ်နိုင်ခြင်း၊ မနိုင်ခြင်း က ပြည်သူတွေရဲ့ရွေးချယ်မှုအပေါ်မူတည်တယ်။ ပြည်သူတွေတကယ်ကြိုက်နှစ်သက်တဲ့သူ။ တကယ်အားကိုးရတဲ့သူက ဘယ်ပါတီက ပဲဖြစ်ဖြစ် လူကိုကြည့်ပြီးရွေးချယ်ကြမှာပါ။

မေး ။        ။ NLD ကရော ပြိုင်ဘက်ဖြစ်လာနိုင်လား။

ဖြေ ။         ။ ဒါကတော့ ဖြစ်နေကြပဲလေ။ ဟိုတုန်းတည်းကပြိင်ဘက်ဖြစ်နေကြပဲ။ ဒါပေမယ့် ပြည်သူတွေက အကောင်းဆုံးရွေးချယ်သွားမှာပါ။

မေး ။        ။ ဖြည့်စွက်ပြောပြပေးပါဦး။

ဖြေ ။         ။ ပြည်သူတွေ ၂၀၂၀ မဲပေးတဲ့အချိန်မှာ မဲမပေးခြင်တာတွေ၊ လေသံတွေကြားနေရတယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲကမှ ကိုယ်ခန့်ချင်တဲ့အစိုးရကို ခန့်နိုင်တဲ့အခွင့်အရေးဟုတ်တယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲရောက်နေ ရောက်နေ တိုင်းရင်းသားတွေရော ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ခန့်ချင်တဲ့၊ ကိုယ်ရွေးချယ်ချင်တဲ့၊ ကိုယ်လိုချင်တဲ့အစိုးရကို ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာပါဝင်ပြီး ရွေးချယ်ကြရအောင်လို့ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required