ကမ္ဘာတစ်၀န်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂ သန်း ကျော်အထိ ရှိ

ကမ္ဘာတစ်၀န်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂ သန်း ကျော်အထိ ရှိ

ဇူလိုင် ၉

ကမ္ဘာတစ်၀န်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေသည် ဇူလိုင်လ ၉ ရက်တွင် ၁၂ သန်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ရိုက်တာ၏ စာရင်းတစ်ရပ်အရ သိရသည်။ အလားတူ ခုနစ်လတာအတွင်းမှာပင် ကမ္ဘာတစ်၀န်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း သန်းဝက်ကျော်အထိ သေဆုံးခဲ့ပြီ ဖြစ်သည်။

ထို့ပြင် အဆိုပါ COVID-19 ရောဂါပိုးက လေထဲကနေတဆင့် ကူးစက်ပျံ့နှံ့နိုင်သည် ဆိုသည့် အထောက်အထားများလည်း တွေ့ရှိထားသည်ဟု သိရသည်။

ယခုအခါ ကမ္ဘာတ၀န်း COVID-19 ရောဂါပိုးကူးစက်ခံရသူဦးရေသည် နှစ်စဉ် ပြင်းထန်တုပ်ကွေးရောဂါ ခံစားရသူဦးရေ၏ သုံးဆခန့်အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောသည်။

ဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသည့် နိုင်ငံအများအပြားသည် ယခုလက်ရှိအချိန်တွင် လော့ခ်ဒေါင်းအစီအမံများကို ပြန်လည်ဖြေလျှော့ရုပ်သိမ်းမှုများ လုပ်ဆောင်လျက်ရှိချိန် တရုတ်နှင့် သြစတြေးလျကဲ့သို့ အခြားသော နိုင်ငံအချို့တွင်လည်း ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်သစ်များ တကျော့ပြန် မြင့်တက်လာသည့်အတွက် လော့ခ်ဒေါင်းချမှတ်မှုများ ပြန်လည်ချမှတ်နေရသည်။

ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်မှုဖြစ်စဉ်ကို ဇန်န၀ါရီလအစောပိုင်းက တရုတ်တွင် စတင်ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ရက်ပေါင်း ၁၄၉ ရက်အကြာတွင် ကမ္ဘာတစ်၀န်း ကူးစက်ခံရသူ ခြောက်သန်းအထိ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် နောက်ထပ် ၃၉ ရက်မျှသာ ကြာပြီးနောက် နှစ်ဆထပ်တိုးပြီး ကမ္ဘာတစ်၀န်း ကူးစက်ခံရသူ ၁၂ သန်းအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးရွားဆုံး ခံစားနေရသည့် အမေရိကန်တွင်လည်း ဇူလိုင် ၇ ရက်တွင် စုစုပေါင်းကူးစက်ခံရသူဦးရေ သုံးသန်းအထိ  ရှိသွားခဲ့ပြီ ဖြစ်သည်။

အလားတူ ကိုရိုနာဗိုင်းရပ်စ်၏ ကြီးလေးမှု အတိုင်းအတာကို လျှော့ပေါ့ပြီး အလေးအနက်မထားလေဟန် ပြောဆိုခဲ့သော ဘရာဇီးသမ္မတ ဂျဲရ် ဘိုဆွန်နာရိုသည်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly