COVID-19 ကြောင့် သြစတြေးလျ မဲလ်ဘုန်းမြို့၌ လော့ခ်ဒေါင်းချ ပြည်နယ် နယ်စပ်များလည်း ပိတ်ထား

COVID-19 ကြောင့် သြစတြေးလျ မဲလ်ဘုန်းမြို့၌ လော့ခ်ဒေါင်းချ ပြည်နယ် နယ်စပ်များလည်း ပိတ်ထား

ဇူလိုင် ၉

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ်ဦးရေ တိုးလာမှုနှင့်အတူ သြစတြေးလျနိုင်ငံ၏ ဒုတိယမြောက် လူဦးရေအထူထပ်ဆုံးမြို့တွင် ဇူလိုင် ၉ ရက်မှစ၍ ခြောက်ပတ်ကြာ လော့ခ်ဒေါင်းတစ်ရပ် စတင်ချမှတ်ထားရကြောင်း သိရသည်။

အလားတူ နိုင်ငံတ၀န်း ပြည်နယ်များသည်လည်း နယ်စပ်များကို တင်းကျပ်ထားရပြီး နိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်မှု ဒုတိယလှိုင်းတစ်ခုကို ကာကွယ်ရန် ပြင်ဆင်နေရသည်။

COVID-19 ကပ်ရောဂါကြောင့် အခြားသော နိုင်ငံများတွင် သေဆုံးမှုနှုန်း မြင့်တက်မှု ဖြစ်ပေါ်ထားသော်လည်း သြစတြေးလျတွင် ယင်းကဲ့သို့ သေဆုံးမှုနှုန်း မြင့်မားသည့် အခြေအနေမျိုးကို ရှောင်လွဲထားနိုင်ခဲ့သည်။ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတ၀န်း လူပေါင်း ၅၄၄,၀၅၅ ဦးကို သေဆုံးစေခဲ့ပြီဖြစ်သည်။

သို့သော်ငြားလည်း မဲလ်ဘုန်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ဗစ်တိုးရီးယားပြည်နယ်အနေဖြင့် လူဦးရေ ငါးသန်းခန့် ရှိသည့် မြို့အတွက် “မိမိဘာသာ သီးခြားခွဲနေမှု” အမိန့်အော်ဒါများ ထုတ်ပြန်ပေးခဲ့ရသည်။

ဗစ်တိုးရီးယားပြည်နယ်တွင် ဇူလိုင် ၈ ရက်က ဗိုင်းရပ်စ် ကူးစက်သူသစ် ၁၃၄ ဦး တွေ့ရှိကြောင်း ထုတ်ပြန်ခဲ့ရာ ယင်းက အစောပိုင်းနေ့က စံချိန်တင်မြင့်တက်မှုနှင့် ယှဉ်ပါက လျော့ကျသွားခဲ့သည်။ သို့သော် အခြားပြည်နယ်များ၏ နှုန်းထားများနှင့်ယှဉ်ပါက များပြားလျက် ရှိသည်။

အခြားသော ပြည်နယ်များနှင့် နယ်မြေများတွင် ပြီးခဲ့သည့် အပတ်များအတွင်း ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်သစ် အနည်းငယ်မျှ တွေ့ရှိခြင်း သို့မဟုတ် လုံ့ဝ မတွေ့ရှိခြင်းတို့ကြောင့် ယင်းတို့၏ စီးပွားရေးလုပ်ငန်းကိုင်ငန်းများကို ပြန်ဖွင့်ရန် ဆက်လက်လုပ်ဆောင်နေကြသည်။

ကွင်းစ်လန်းပြည်နယ် အာဏာပိုင်များက ယခုအချိန်တွင် ယင်း၏ ဒေသခံမဟုတ်သည့် ဗစ်တိုးရီးယားပြည်နယ်မှ လာရောက်သူများကို ပိတ်ပင်တားမြစ်သွားမည်ဟု ပြေားထားသည်။ ဇူလိုင် ၁၀ ရက်တွင် အခြား ပြည်နယ်များနှင့် နယ်မြေများမှ လာမည့်သူများအတွက် ယင်း၏ နယ်စပ်များကို ဆက်ဖွင့်ပေးထားရန်လည်း ကွင်းစ်လန်းအာဏာပိုင်တို့က စီစဉ်ထားသည်။

သို့သော် ဗစ်တိုးရီးယားပြည်နယ်မှ လာမည့်သူများကို ပိတ်ပင်မည်ဖြစ်ပြီး ယုတ်စွအဆုံး ၁၄ ရက်ကြာ ဟိုတယ် ကွာရန်တင်းဝင်ရန် ငွေပေးလိုသည့် ဆန္ဒရှိသော ဗစ်တိုးရီးယားမှ လာမည့်သူများကိုပင် ပိတ်ပင်သွားမည်ဟု ကွင်းစ်လန်းပြည်နယ်အစိုးရက ပြောသွားခဲ့သည်။

သြစတြေးလျနိုင်ငံတွင် ဇူလိုင် ၉ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၈,၉၀၀ ခန့်နှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၆ ဦး ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required