ပုံမှန်အသစ်ဖြင့်ရုန်းကန်ခြင်း

ဇူလိုင် ၈

လက်ရှိကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာက ပုံမှန်နေထိုင်မှုကို  ပြန်ရ ၊ မရ ဆိုတာပါပဲ ။ တစ်ကမ္ဘာလုံးပြောနေကြတဲ့စကားက အရင်လို ပြန်နေလို့ ရပြီလား ၊ အရင်လို ပြန်နေခွင့် ရပါအုံးမလား ။ COVID-19 ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါဟာ ကျွန်မတို့ရဲ့ ပုံမှန်နေထိုင်မှုတွေကို တစ်ဆစ်ချင်းဖြိုချဖျက်စီးခဲ့ပါပြီ ။ ယနေ့ကမ္ဘာမှာကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၁ သန်းကျော်ရှိနေပြီး ၊ သေဆုံးသူဟာလည်း ငါးသိန်းကျော် ရှိခဲ့ပါပြီ ။ နေ့စဉ်ရရှိနေတဲ့ သတင်းအချက်အလက်များဆီက လူသေဆုံးမှုကိန်းဂဏန်းများကလည်း ကျွန်မတို့ကို ခြောက်လှန့်နေပါပြီ ။ ဘီလ်ဂိတ်ပြောခဲ့တာကတော့ ကာကွယ်ဆေး မတွေ့မချင်း ကျွန်တော်တို့ရဲ့ ပုံမှန်ကမ္ဘာကြီးကို ပြန်ရဖို့ မသေချာပါဘူး တဲ့ ။ ကျွန်မတို့ရဲ့ လူမှုအဖွဲ့အစည်းကရော ပုံမှန်နေထိုင်မှု ပျက်သုဉ်းခြင်းတွေအတွက် ဘာတွေကို များ ပြင်ဆင်ထားပြီးပါပြီလဲ ။

Vesna Maric ရဲ့War and Virus ဆောင်းပါးထဲမှာတော့ စစ်ပွဲတွေ ၊ သဘာဝဘေးတွေ ၊ ကပ်ဘေးတွေဟာ လူမှုအစည်းပြေခြင်းကို ဖြစ်စေတာမဟုတ်ဘူး ။ လူမှုအစည်းပြေတာကို လှစ်ပြလိုက်တာ ၊ မီးလောင်ရာ လေပင့်ပေးကြတာသာ ဖြစ်တယ်လို့ ရေးသားထားပါတယ် ။ ဆောင်းပါးပါ အဆိုပါ စကားရပ်ဟာ အတွေးပွားစရာပါပဲ ။ စစ်နဲ့ ကပ်ရောဂါကို အတူတူပဲလို့ ကျွန်မတို့ သတ်မှတ်လို့မရပါဘူး ။

စစ်ဟာ အဖွဲ့အစည်းနှစ်ခုအကြားမှာ ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုရပ်ဝန်းတစ်ခုအပေါ်မှာပဲ ကျရောက်နိုင်ပါတယ် ။ ဒီနေရာမှာ ကမ္ဘာစစ်ရဲ့ လှိုင်းကို ချန်ထားခဲ့ချင်ပါတယ် ။ ကျွန်မတို့လက်ရှိကြုံနေရတဲ့ ပြည်တွင်းစစ်များ နဲ့ စစ်အေးကာလများကိုသာ ရည်ညွှန်းချင်ပါတယ် ။ စစ်ဟာ ဖြန့်ကျက်မှု အကန့်အသတ် ရှိပါတယ် ။ ရပ်တန့်လိုစိတ်ရှိရင် စစ်မီးဟာ ငြိမ်းပါတယ် ။ မီဒီယာတွေကနေ ပေးပို့တဲ့ သတင်းအချက်အလက်တွေကနေ ကျွန်မတို့ ရနေတဲ့ စစ်ပွဲသတင်းတွေဆိုတာကလည်း စိတ်မကောင်းဖြစ်ရပါကြောင်း နဲ့ ပျက်သုဉ်းဘဝတွေအတွက် စာနာနားလည်နိုင်ကြောင်း ဆိုတဲ့ ခံစားမှုထက် မပိုနိုင်ပါဘူး ။ ဘာကြောင့်ဆို  ဖြစ်ပျက်သွားတဲ့ ဘဝဆုံးမှုတွေကထွက်လာတဲ့ အသက်နဲ့သွေးဟာ ကျွန်မတို့နဲ့ မသက်ဆိုင်သေးသရွေ့ ကျွန်မတို့ဆီ လာမစင်ပါဘူး  ။ စစ်ရဲ့ပရိဒေဝဟာ မြေစာပင်လူတန်းစားနဲ့နိုင်ငံရဲ့အခြေအနေကို ယိမ်းယိုင်တိမ်းပါးစေတာကတော့ လက်ခံထားရမယ့်အကြောင်းပါ။ ဒါပေမယ့် ကျွန်မတို့ဟာ စစ်နဲ့ဝေးရာမှာ နေနိုင်နေသေးသရွေ့ အကြောက်တရားနဲ့ သေခြင်းတရားဆိုတာကို တိတိကျကျ မသိနိုင်ပါဘူး ။ ပြောရရင် စစ်ဟာ ကျွန်မတို့ရဲ့ နေ့စဉ်ပုံမှန်လှုပ်ရှားနေမှုများကို မထိခိုက်စေပါဘူး ။

ကပ်ရောဂါကတော့ စစ်နဲ့ နည်းလမ်းလွဲပါတယ် ။ ကမ္ဘာမှာ စိုးရိမ်ထိတ်လန့်နေရမယ့် အကြောင်းတရားဟာ စစ်ပွဲတွေ မဟုတ်တော့ပါဘူး ။ စီးပွားပျက်ကပ်တွေ မဟုတ်တော့ပါဘူး ။ ရောဂါဘယကပ်ဘေးပဲဆိုတာ နားလည်သူ ပညာရှင်အသိုင်းအဝိုင်းက ပြောခဲ့ပြီးပါပြီ ။ ကျွန်မတို့ကိုယ်တိုင်လည်း သိနိုင်မြင်နိုင်နေပါပြီ ။ ဒါပေမယ့် ကျွန်မတို့ လူ့အဖွဲ့အစည်းဟာ ကပ်ရောဂါအတွက် ဘာကိုမှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိခဲ့သလို ၊ ကြောက်ရကောင်းမှန်းမသိခဲ့တာဟာ အခုရင်ဆိုင်နေရတဲ့ ကိုဗစ်အကျပ်အတည်းမှာ မြင်သာလွန်းခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာပဲ ကျွန်မတို့ကို တိုက်ခိုက်ခဲ့တဲ့ ‌ရောဂါဘယတွေကို ချရေးကြည့်လိုက်ပါ ။ ဆားစ် ၊ H1N1 ၊ H5N1 ၊ အီဘိုလာ ၊ ဇီကာ စသဖြင့်ပေါ့ ။ ဒါတွေဟာ အမည်နာမသက်သက်နဲ့ အပျော်အပျက် ရောက်လာ တဲ့ ဧည့်သည်တွေ မဟုတ်ပါဘူး ။ ကျွန်မတို့အတွက် တပ်လှန့်သံတွေပါ ။ Vesna Maric ရဲ့ ဆောင်းပါးပါ စကားလုံးကို ပြန်ကောက်ရရင် လူမှုအစည်းပြေတာမဟုတ် ၊ လူမှုအစည်းပြေတာကို လှစ်ပြလိုက်တာဆို တာဟာ တကယ့်အမှန်တရားပါပဲ ။ လူမှုအစည်းပြေခြင်းဟာ ကမ္ဘာကိုဘယ်လောက်တောင် ထိခိုက်မိပါပြီလဲ ။

ကျွန်မတို့ လူမှုအဖွဲ့အစည်းဟာ လိုတာထက် ပိုပြီး လှုပ်ရှားခဲ့တယ် ။ စားသုံးခဲ့တယ် ။ ထုတ်ယူသုံးစွဲခဲ့တယ် ။ ကူးသန်းဆက်သွယ်မှုတွေ အရှိန်မြင့်လာတာနဲ့ တစ်ပြိုင်နက် စွမ်းအင်လိုအပ်ချက်တွေ မြင့်တက်လာတယ် ။ အခြေခံလူမှုလိုအပ်ချက်တွေ မြင့်တက်လာတယ် ။ ကြီးထွားလာတဲ့ လှုပ်ရှားမှုနဲ့အတူ လိုအပ်ချက်နဲ့ လိုအင်များကပါ လိုက်ပါချဲ့ထွင်လာခဲ့တယ် ။ ကျွန်မတို့ရဲ့ နည်းပါးကျဉ်းမြောင်းခဲ့တဲ့ ကမ္ဘာဟာ ကျန်ရစ်ခဲ့တာ ကြာခဲ့ပါပြီ ။ နေ့စဉ် တလိပ်လိပ်တက်နေတဲ့ လူ့လှိုင်းလုံးကြီးဟာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးလို ဖြစ်နေခဲ့မှန်း ကျွန်မတို့ သတိမထားမိခဲ့ကြဘူး ။ ဒါကြောင့် ကပ်ရောဂါဟာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝတွေကို ဝင်ရောက်တိုက်ခိုက် နိုင်ခဲ့တယ် ။ ကျွန်မတို့ရဲ့ချစ်ခင်သူတွေ ၊ မိသားစုတွေ ကို ချက်ချင်းလက်ငင်းဆွဲခေါ်သွားနိုင်ခဲ့တယ် ။ ကျွန်မတို့ကို ဘက်စုံကျပ်တည်းမှုဆီ အလွယ်တကူပဲ ဆွဲခေါ်သွားနိုင်ခဲ့ပါတယ် ။  

ကိုဗစ်ကာလမှာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝထဲကို ရောက်ရှိလာခဲ့တာက Social Distancing ၊ Lockdown ၊ Home Stay ၊ Quarantine ဆိုတဲ့ နေထိုင်မှုပုံစံသစ် ဝေါဟာရတွေပါပဲ ။ ပုံမှန်လည်ပတ်နေမှုများကို ကပ်ရောဂါက ဟန့်တားလိုက်တဲ့အခါ လူနေမှုပုံစံများဟာ အဝေးပြေးလမ်းမပေါ်က ထပ်ဆင့်ယာဉ်တိုက်မှုတွေလို ဖြစ်ကုန်ပါတယ် ။ ဗိုင်းရပ်စ်ဟာ အားကောင်းလာလေ ကျွန်မတို့ရဲ့ အကြောက်တရားနဲ့ ဆုံးရှုံးရမှုတွေဟာ ကြီးမားလေလေပါပဲ ။ လူအစုလိုက်အပြုံလိုက် မီဂါရွှေ့ပြောင်းမှုများနဲ့ အသားကျခဲ့တဲ့ ကမ္ဘာဟာ Social Distancing ဆိုတဲ့ နေထိုင်မှုပုံစံအသစ်တစ်ခုကိုပဲ အတော်ရုန်းကန်နေရပါတယ် ။ Lockdown ချ ကန့်သတ်ထားမှုများကလည်း ကျွန်မတို့ရဲ့ စီးပွားရေးအခြေအနေနဲ့ စိတ်ပိုင်းရပ်တည်မှုအခြေအနေများပေါ် သက်ရောက်မှု ကြီးခဲ့ပါတယ် ။ Home Stay နေထိုင်မှုမှာ မြင့်တက်လာခဲ့တဲ့ အိမ်တွင်းအကြမ်းဖက်မှုနှုန်းများက ကျွန်မတို့ရဲ့ ကပ်အတွင်းကာလ အကျပ်အတည်းကို မြင်နိုင်ပါတယ် ။

ဒီနေရာမှာ ထပ်မံပေါ်ပေါက်လာခဲ့တာက အခွင့်ထူးခံအခြေအနေရလူတန်းစား ပေါ်ထွက်လာခဲ့ခြင်းပါပဲ ။ ကျွန်မတို့ အိမ်ကနေ အလုပ်လုပ်နိုင်တာ ၊ အစားအစာ သိုလှောင်ထားနိုင်တာ ၊ နေ့စဉ်စားဖို့ အစားအသောက်ရနေတာ ၊ လုံခြုံစေမယ့်အခြေအနေ နဲ့ အနေအထားမျိုး ရနေသေးတာဟာ အခွင့်ထူးခံအခြေအနေထဲ ထည့်သွင်းလို့ရပါတယ် ။ လုပ်ခလစာအနည်းဆုံးအနေအထားနဲ့ အိမ်မှာနေထိုင်ဖို့ ဘယ်လိုမှမဖြစ်တဲ့ လူတန်းစားတွေဟာ ကိုဗစ်ကာလမှာ လုံခြုံမှုကိုပေးတဲ့ Home Stay နေထိုင်မှု အခွင့်အရးကို မရပါဘူး ။ ဆင်းရဲမွဲတေမှုဟာ ကိုဗစ်ကာလကို ထပ်မံတိုးမြှင့်ပေးနိုင်တဲ့ လက်နက်တစ်ခုလို ဖြစ်လာခဲ့ပါတယ် ။ စက်ရုံ၊အလုပ်ရုံများ ရပ်နားလိုက်တဲ့အခါ အလုပ်လက်မဲ့နှုန်း မြင့်တက်လာပြီး ဘဝရှေ့ရေးအပေါ် စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့ပါတယ် ။  လူတန်းစားကွဟာမှုရဲ့ အက်ကြောင်းဟာ လည်း ပိုပြီးထင်သာမြင်သာဖြစ်လာခဲ့တယ်လို့ မြင်ပါတယ် ။ ဒါကြောင့် ကွဲပြားလူနေမှုမှာပဲ မခံချင်စိတ် ၊ ဒေါသနဲ့ ဖိနှိပ်ခံရမှုများဟာ ပိုပြီးအားကောင်းလာပါတယ် ။ အိန္ဒိယရဲ့ Lockdown ပျက်ပြယ်မှုနဲ့ အမေရိကန်နိုင်ငံရဲ့ George Flyod အရေးအခင်းက လူတန်းစားပြဿနာ တစ်ရပ်ပါပဲ ။

ကိုဗစ်ကာလဟာ လူထုရုန်းကန်မှုသာမက အစိုးရတွေရဲ့ ခေါင်းအခဲဆုံးကာလလည်း ဖြစ်ပါတယ် ။ နိုင်ငံတော်နဲ့ နိုင်ငံသားဖြစ်မှုကို ပိုပြီးအာရုံစိုက်အလေးထားလာမှုတွေ ပေါ်ပေါက်လာပါတယ် ။ အခြေအနေတွေကို ဆိုးရွားမလာဖို့ ဘာလုပ်ပေးနိုင်သလဲဆိုတဲ့ မေးခွန်းတွေဟာ နိုင်ငံသားတိုင်းလိုလိုမှာ ကိန်းဝပ်လာပါတယ် ။ ပြည်သူ့အသံကို ဘယ်လောက်နားထောင်သလဲဆိုတာရယ် ၊ စီမံခန့်ခွဲမှုအရည်အသွေးတွေရယ်ဟာ ကိုဗစ်ကာလမှာ အစိုးရနဲ့ ပြည်သူအကြား ပေါင်းကူးဖြစ်လာနိုင်သလို ၊ လမ်းလွဲတစ်ခုလည်း ဖြစ်လာနိုင်ပါတယ် ။

စီးပွားရေးအခြေအနေ ပြန်လည်တည့်မတ်ဖို့ ၊ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ကျောင်းပညာရေးသင်ကြားမှုပုံစံသစ်တွေ အစရှိတဲ့ လုပ်ငန်းဆောင်တာတွေဟာ အစိုးရအတွက် စိမ်ခေါ်မှုများပါပဲ ။ ကျွန်မတို့ရဲ့မြန်မာနိုင်ငံမှာဆိုရင်ပဲ လာမယ့် နိုဝင်ဘာမှာ နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲ ကျင်းပပါတော့မယ် ။ ဒီအတွက် ပြင်ဆင်ထားမှုက ဘာတွေရှိပါသလဲဆိုတာ ကျွန်မတို့ သိရှိဖို့လိုအပ်သလို ၊ အစိုးရဘက်က အတိအကျ ထုတ်ပြန်ပေးဖို့လည်း လိုအပ်ပါတယ် ။ ကိုဗစ်ကာလမှာ ဗဟိုချုပ်ကိုင်မှုဆီ မသိမသာတိုးကပ်လာတဲ့ အစိုးရရဲ့ ယန္တရားတွေဟာ ကျွန်မတို့ရဲ့စိုးရိမ်မှုနဲ့ အကြောက်တရားတွေကို ရေချိန်တက်မသွားစေဖို့ လိုပါတယ် ။

အခုဆိုရင် ကျွန်မတို့ရုန်းကန်နေရတာက ပုံမှန်လှုပ်ရှားမှုအသစ်တွေပါပဲ ။ နေ့စဉ်သဘောတရားတွေကိုပဲ ကျွန်မတို့ဟာ ချဉ်းကပ်မှုပုံစံပြောင်းနေရပါတယ် ။ ကာကွယ်ဆေးမရသေးခင်အထိ နေ့စဉ်ဘဝကိုရပ်တန့်ပစ်ဖို့ မရနိုင်တဲ့အခါ ကျွန်မတို့ဟာ ကပ်ရောဂါနဲ့ယှဉ်တွဲနေထိုင်ဖို့ ကြိုးစားလာရပါတယ် ။ ဗိုင်းရပ်စ်တိုက်ခိုက်မှုဟာ အနီးဆုံးအနေအထားမှာ အသံတိတ်တည်ရှိနေမှုကိုလည်း သတိထားရင်း ၊ ရှေ့ကိုသွားနိုင်သလောက် ထိန်းပြီးသွားရင်းနဲ့ ကြိုးတန်းလမ်းလျှောက်ရသလိုမျိုး ဖြစ်နေပါတယ် ။ ကျွန်မတို့ကို ကပ်ရောဂါက ဘယ်လောက်ထိ တိုက်ခိုက်နိုင်သလဲဆိုတာ မျက်ဝါးထင်ထင် မြင်ခဲ့ရပါပြီ ။

ကိုဗစ်အစဦးကာလမှာ ကျွန်မတို့ဟာ အတူတကွဆိုတဲ့လမ်းစဉ်အောက်မှာနေဖို့ စိတ်ခွန်အားတစ်ချို့တလေ ရခဲ့ပါသေးတယ် ။ ကပ်ကြီးပြီးသွားတဲ့အခါ ရှေးကထက်ပိုချစ်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အားတင်းနိုင်ခဲ့ကြပါ သေးတယ် ။ ကျွန်မတို့သည်းခံနိုင်မှုခွန်အားက ဘယ်လောက်ထိခံနိုင်ရည်ရှိမလဲ မသိနိုင်သေးပါဘူး ။ ကမ္ဘာ့ကပ်ရောဂါအဖြစ်စတင်ကြေညာခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ကစလို့ သုံးလကျော်ကာလအတွင်း ကျွန်မတို့ရရှိလိုက်တဲ့ အပျက်အစီးတွေက ကူးစက်မှုပေါင်း ၁၁ သန်းကျော် ၊ သေဆုံးမှု ငါးသိန်းကျော် နဲ့ ဒေဝါလီခံရခြင်းများ ၊ ကျန်းမာရေးစနစ် ယိုင်နဲ့ပျက်စီးသွားခြင်းများ ၊ အဆမတန်တက်လာတဲ့ အလုပ်လက်မဲ့နှုန်းများ ၊ လူမှုပဋိပက္ခများ နဲ့ နိုင်ငံရေးတင်းမာမှုများပါပဲ ။

ကိုဗစ်ကာလဟာ ကျွန်မတို့ရဲ့အသိတရားကို သတိပေးချက်ခေါင်းလောင်းထိုးသံမျိုး ဖြစ်လာဖို့ မျှော်မှန်းပါတယ် ။ ဒီကာလကို အသုံးချပြီး ကောင်းမွန်သင့်တင့်တဲ့စနစ်တစ်ခုကို တည်ဆောက်ဖို့ ၊ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ထိန်းသိမ်းဖို့ ၊ နောက်မျိုးဆက်တွေအတွက် လုံခြုံတဲ့ကျန်းမာရေးစနစ် ရှိစေဖို့ ၊ ခွဲခြားဆက်ဆံမှု ကင်းပစေဖို့ ၊ တရားမျှတမှုတည်ဆောက်နိုင်ဖို့ ဆိုတာတွေကို မြင်နိုင်သိနိုင်ပြီး ၊ လူမှုအစည်းပြေခြင်းကို ပြန်လည်ပေါင်းစည်းပေးနိုင်မယ်ဆိုရင် ကပ်ကြီးပြီးတဲ့အခါဆိုတဲ့ ခေတ်တစ်ခုကို တည်ဆောက်နိုင်ပါစေလို့ မျှော်လင့်မိပါတယ် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly