နီဘရာစကာပြည်နယ်မှ တောင်သူတစ်ဦး ရေကန် ဖောက်ထုတ်စဉ် ATM စက်တစ်လုံး တွေ့ရှိ

နီဘရာစကာပြည်နယ်မှ တောင်သူတစ်ဦး ရေကန် ဖောက်ထုတ်စဉ် ATM စက်တစ်လုံး တွေ့ရှိ

ဇူလိုင် ၈

အမေရိကန်ပြည်ထောင်စု နီဘရာစကာပြည်နယ်ရှိ တောင်သူတစ်ဦးသည် ၎င်း၏ ခြံအတွင်းရှိ ရေကန်ငယ်တစ်ခုကို ပြုပြင်ထိန်းသိမ်းမှု လုပ်ရန် ရေဖောက်ထုတ်ခဲ့စဉ် အံ့အားသင့်ဖွယ် ပုံမှန်မဟုတ်သည့် အရာတစ်ခုကို တွေ့ရှိခဲ့သည်။ ယင်းက ရေထဲတွင် ပစ်ချခံထားရသည့် ATM စက်တစ်လုံးပင် ဖြစ်သည်။

Exeter ကျေးရွာမှ တောင်သူတစ်ဦးဖြစ်သည့် Wynn Hall က ၎င်း၏စိုက်ခင်းများကို ရေပေးဝေရာတွင် အသုံးပြုသည့် ရေကန်ကို ဖောက်ချခဲ့ပြီး နောက်နေ့မနက်တွင် ကန်ကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်ဟု ပြောသည်။

ယင်းနောက် ကန်ထဲရှိ ရွှံ့နွံများထဲတွင် အရာဝတ္တုတစ်ခုကို တွေ့ခဲ့ပြီး ကနဦးပိုင်းတွင် ယင်းကို မီးဖိုချောင်သုံး ပစ္စည်းတစ်ခု ဖြစ်မည်ဟု ထင်ခဲ့မိကြောင်း Hall က ပြောသည်။

“ဘယ်သူကများ ရေခဲသေတ္တာ ဒါမှမဟုတ် မီးဖိုတစ်ခုကို ဒီကန်ထဲ လာပစ်ချထားပါလိမ့် ဆိုပြီးတော့တောင် ကျွန်တော် တွေးခဲ့ပါသေးတယ်၊ အဲဒီ ပစ္စည်းက ကန်ရဲ့အနက်ဆုံးနေရာမှာ ရှိနေခဲ့တာလေ” ဟု Hall က ပြောသည်။

ယင်းနောက် Hall သည် အဆိုပါ ကန်ထဲရှိ အရာဝတ္ထုကို ဓာတ်ပုံရိုက်ယူပြီး သေချာကြည့်ရှုခဲ့သည်ဟု ဆိုသည်။

“ကျွန်တော် ဓာတ်ပုံရိုက်ပြီး မြင်ကွင်းကို ချဲ့ကြည့်တော့ အဲဒါက အေတီအမ်စက်တစ်ခုဆိုသည်ကို သိလိုက်ရပါတယ်” ဟု ၎င်းက ပြောသည်။

၎င်း၏ ကန်ထဲတွင် အဆိုပါ ATM စက် မည်သည့်အချိန်ကတည်းက ရောက်နေခဲ့သည်ဆိုသည်ကို မသိရှိကြောင်းနှင့် ကန်ကို ယမန်နှစ်က ဖောက်ထုတ်ခဲ့ခြင်း မရှိခဲ့ကြောင်း Hall က ပြောသည်။ သို့သော် အဆိုပါ စက်သည် ရေထဲတွင် ရှိနေသည်မှာ သီတင်းပတ်အနည်းငယ်မျှသာ ရှိနေသည့် ပုံပေါ်နေခဲ့သည်ဟုလည်း သိရသည်။

ယင်းနောက် Hall က Fillmore ကောင်တီ ရဲဌာနသို့ အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့က အဆိုပါ ATM စက်ကို လာယူသွားခဲ့သည်။ ယင်းနောက် ATM စက်သည် အနီးအနား ဧရိယာတွင် မကြာခင်ကမှ အခိုးခံထားရသည့် စက်ဖြစ်ကြောင်း ရဲများက Hall ကို ပြောခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly