NLD က တိုင်းရင်းသားနဲ့မပြေလည်ဘဲ တပ်နဲ့ပဲ ပြေလည်ရင် ဗမာလူမျိုးကြီးကျင့်သုံးသလိုဖြစ်သွားမယ်

NLD က တိုင်းရင်းသားနဲ့မပြေလည်ဘဲ တပ်နဲ့ပဲ ပြေလည်ရင် ဗမာလူမျိုးကြီးကျင့်သုံးသလိုဖြစ်သွားမယ်
ပုံ- စာရေးဆရာ ဦးကျော်ဝင်း(ပုံ-Kyaw Win fb)

ရန်ကုန်၊ ဇူလိုင် ၈

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီးဖြစ်သော်လည်း ယနေ့ချိန်ထိ ချုပ်ငြိမ်းအောင် မဆောင်ရွက်နိုင်သေးဘဲ ဖြစ်နေသည်။ အစိုးရ အဆက်ဆက်တွင်လည်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ခဲ့ရာ လက်ရှိ အချိန်ထိ ဆောင်ရွက်လျက်ရှိနေသည်။

သို့သော် အောင်မြင်သည့် ငြိမ်းချမ်းရေးကို မရရှိသေးသော်လည်း ဆက်လက် ပိုနေမြဲ ကျားနေမြဲ တည်ရှိနေ သည့်တိုင် ရွေးကောက်ပွဲများကနေတဆင့် အစိုးရ အပြောင်းအလဲများက ရှိနေသည်။မကြာခင်မှာလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။

ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခကို ဘယ်လို နည်းလမ်းများဖြင့် ဖြေရှင်းကြမည်လဲ၊ လာမည့် အစိုးရသစ်ကို မည်ကဲ့သို့ ဖွဲ့စည်းမှုများဖြင့် စုဖွဲ့လာမည်လဲ၊ တိုင်းရင်းသားအရေးကို နားမလည်ပါက မည်သည့် အကျိုးဆက်များ ခံစားရနိုင်သလဲ၊ အားလုံးက သုံးသပ်နေကြသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်နိုင်လား၊ NLD နှင့် တပ်မတော် နီးစပ်မှုက ဘယ်လိုဖြစ်လာမလဲ၊ NLD နှင့် တိုင်းရင်းသားများ နီးစပ်မှုရှိပါ က ဘယ်လိုဖြစ်လာနိုင်သလဲ စသည့် အရေးကိစ္စများနှင့်ပတ်သက်ပြီး စာရေးဆရာ ဦးကျော်ဝင်းကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်း  ရုပ်သံအင်တာဗျူး မေးမြန်းထားသည်ကို စာဖြင့်ပြန်လည်ဖော်ပြလိုက်ရပါသည်။

မဇ္ဈိမ ။       ။ ပထမဦးဆုံး မေးချင်တာက ရွေးကောက်ပွဲကလည်း လာတော့မယ်ဆိုတော့လေ ဘယ် ပါတီတွေ ဘယ်လိုမျိုး မဲရလဒ်တွေ ဖြစ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်မိထားလဲ၊ ဘယ်လို အခင်းအကျင်းတွေ ရှိလာနိုင်လဲ။

ဦးကျော်ဝင်း ။        ။ ရွေးကောက်ပွဲအကြောင်းမေးရင် ဘာကို သွားသတိရလဲဆိုတော့ အမေရိကန်သမ္မတ ဂျော့ဘုချ် အငယ်ပေါ့၊ သူနဲ့ အယ်ဂိုးနဲ့ ပထမအကြိမ်ပြိုင်ကြတဲ့ ရွေးကောက်ပွဲကို သွားသတိရတယ်။ တကယ် တမ်းပြောရင် ဒီဂျော့ဘုချ် အငယ်က သိပ်ပြီး လူကြိုက်များတဲ့ လူစားမျိုးမဟုတ်ဘူး၊ ဒါပေမယ့် သူက အမေရိကန်သမ္မတ နှစ်ဆက် ရသွားတာ ရှစ်နှစ်ရသွားတာ။

ဘယ်လိုဖြစ်သွားလဲဆိုတော့ သူ့သက်တမ်း ပထမ စခါစမှာပဲ ၉/၁၁ နဲ့ သွားကြုံလိုက်တယ်၊ အဲ့တာ သူ ကံကောင်းသွားတာ အမှန်တော့ သူ့အတွက် စိန်ခေါ်ချက်ပဲ၊ ဒါကို အခွင့်အလမ်းအနေနဲ့ ပြောင်းလဲလိုက် တာပေါ့။ အခုလည်း အဲ့လိုဖြစ်မလား မသိဘူး၊ ဘာလို့လဲဆိုတော့ NLD က တချို့သောသူတွေက ဒီငါးနှစ်တာ ကာလအတွင်းမှာ တချို့ NLD ရဲ့ လှုပ်ရှားချက်တွေ ဘဝင်သိပ်မကျတာတွေ ရှိသလောက်ရှိတယ်ပေါ့ဗျာ။

ဒါပေမယ့် အဲ့ဒါတွေ အားလုံးက ကျော်သွားပြီ ဘယ်လိုဖြစ်သွားလဲဆိုတော့ ကြားထဲမှာ သူက တကယ့် စိန်ခေါ်ချက်ကြီး နှစ်ခုနဲ့ ကြုံခဲ့တယ်။ နံပါတ်တစ်က နိုင်ငံတကာခုံရုံး ICJ ပေါ့၊ အဲ့ဒီမှာလည်း ဒေါ်အောင်ဆန်းစု ကြည် ထွက်ရပ်ပြီးတော့ တော်တော်လေး လုပ်လိုက်တယ်၊ လူတွေတော်တော် ကျေနပ်သွားတယ်။ အခု ကိုဗစ် ပေါ့ ကိုဗစ်မှာဆိုရင် ပြောကြရင် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ဆရာဝန်အများဆုံး အစိုးရနဲ့ တိုးတာဗျာ။ ဆရာဝန်တွေဆိုတော့ဗျာ နိုင်ငံရေး၊ စီးပွားရေးတွေ လုပ်တဲ့နေရာမှာတော့ အားသာချက်၊ အားနည်းချက်တွေ ရှိတယ် ဆေးပညာနဲ့ ပတ်သက်လို့ သူတို့ အားကောင်းတယ် ကိုဗစ်ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် နိုင်ငံ တကာနဲ့ ယှဉ်လို့ရတယ် ထင်တယ်၊ ကျွန်တော်တော့ တော်တော်ဘဝင်ကျတယ်၊ တော်တော်များများလည်း ဘဝင်ကျတယ် ထင်ပါတယ်။ ပြောရရင် ICJ ရယ်၊ ကိုဗစ်ရယ် ကယ်လိုက်တာ ချုပ်လိုက်မယ်ဆိုရင်တော့ NLD ပဲ နိုင်ဦးမယ်ထင်တယ်။ သို့သော် အစိုးရဖွဲ့နိုင်၊ မဖွဲ့နိုင်ကတော့ သေချာပေါက် ပြောလို့ မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသား တွေက အခြေအနေ ကောင်းလာနိုင်တယ်၊ ပြောစရာက NLD အပေါ် သိပ်ပြီး အားမရတာတွေ ဘဝင် မကျ တာတွေ ရှိနိုင်တယ်။ တိုင်းရင်းသားနယ်မြေတွေမှာတော့ တိုင်းရင်းသားပါတီတွေက အပေါ်စီးရချင် ရသွားနိုင် တယ် အဲ့တာတစ်ချက်ပေါ့၊ နောက်ကျန်တဲ့ ပါတီတွေရဲ့ အလားအလာကို ပြောရရင်တော့ ဦးကိုကိုကြီးတို့ ရှိတယ်၊ ဒေါ်သက်သက်ခိုင်တို့ ရှိတယ်။

ဦးကိုကိုကြီးတို့ဆိုရင်လည်း ဘာပဲပြောပြော ရှစ်လေးလုံးကနေ လူထုကြားမှာ တော်တော် သြဇာကြီးပါတယ်၊ ဒေါ်သက်သက်ခိုင်တို့ဆိုလည်း ပညာတက်လူငယ်တွေကြားမှာ တော်တော်လေး သြဇာတော်တော်ကြီးတယ်၊ ဒါပေမယ့် သူတို့ရဲ့ ပြဿနာက ပြင်ဆင်ချိန် နည်းနေတာ တစ်ခုရယ် နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရဲ့ အစွမ်းကို ကျော်နိုင်ပါ့မလား သံသယရှိတယ်။

ချုပ်လိုက်မယ်ဆိုရင် တစ်ပြည်လုံးအတိုင်းအတာက NLD ပဲ နိုင်လိမ့်မယ်ထင်တယ်၊ ဒါပေမယ့် အစိုးရဖွဲ့နိုင်၊ မဖွဲ့ နိုင် ကတော့ ပြည်နယ်မဲတွေမှာ တိုင်းရင်းသားပါတီတွေက အနိုင်ရ သွားရင်တော့ အစိုးရဖွဲ့နိုင်၊ မဖွဲ့နိုင်က ပြဿနာ နည်းနည်းရှိတယ်။ ဒါပေမယ့် တစ်ခုရှိတာက NLD စိတ်ကြိုက် ညွန့်ပေါင်းဖွဲ့မယ်ဆို ဖွဲ့လို့ရပါတယ်။ NLD စိတ်ကြိုက်ဆိုတော့ သူတိုင်းရင်းသားတွေနဲ့ ပေါင်းမလား သူ့ဆန္ဒက ပေါင်းချင်စိတ်ရှိရင် ပေါင်းလို့ရတယ်၊ ဒါပေမယ့် သူက ဒါမှမဟုတ် တပ်နဲ့ ပေါင်းမလား၊ သူ့ဆန္ဒက ပေါင်းချင်တယ်ဆို ပေါင်းလို့ရတယ်။ အဲတော့ ညွန့်ပေါင်းဖွဲ့နိုင်ရင်တောင် NLD စိတ်ကြိုက် အနေအထားရှိလာလိမ့်မယ် ထင်ပါတယ်၊ ဒါကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြမ်းဖျင်းကို ပြောတာပါ။

မဇ္ဈိမ   ။         ။   ဟုတ်ကဲ့ အန်ကယ်၊ ကျွန်တော်တို့ နိုင်ငံရဲ့စနစ်က အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် ၃၃၃ နေရာနိုင်မှ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်တယ်ဆိုတော့ အန်ကယ်ပြောသလို NLD က ပြန်နိုင် ခြေရှိရင် ဘယ်လောက် ရာခိုင်နှုန်းလောက် နိုင်ခြေရှိမယ် သုံးသပ်မိလဲ၊ ဘယ်လိုပုံစံမျိုး ဖြစ်လာမှ အစိုးရ ဖွဲ့နိုင် မလဲ။

ဦးကျော်ဝင်း ။         ။ အတည်အကျတော့ မခန့်မှန်းနိုင်ဘူး၊ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် နှစ်မျိုး ဖြစ်နိုင် တယ်၊ လုံးဝ အစိုးရဖွဲ့နိုင်သည်အထိ တောင်ပြိုကမ်းပြို နိုင်တာလည်း ဖြစ်နိုင်တယ်၊ သို့သော် အဲ့အလားအလာ က နည်းနည်းတော့ နည်းသွားပြီ။ အရင်ထက်စာရင်တော့ ဒါတောင်မှ တောင်ပြိုကမ်းပြို နိုင်ပြီဆိုရင်တောင် အရင်နဲ့တော့ မတူဘူး၊ တူူတူတန်တန် အတိုက်ခံတွေ ပေါ်လာမယ်။အထူးသဖြင့် လူမျိုးစုတွေ အဲ့တာက တစ်ချက်။
နောက်တစ်ခုက နိုင်တော့နိုင်မယ် ညွှန့်ပေါင်းအစိုးရ ဖွဲ့ရမယ်ဆိုတဲ့ အနေအထားလည်း ဖြစ်လာနိုင်တယ်၊ အဲ့လို ဖြစ်လာခဲ့ရင် ဘယ်လောက် ရာခိုင်နှုန်းလောက် ပျက်မယ်ဆိုတာတော့ ကျွန်တော် မခန့်မှန်းနိုင်ဘူး၊ အမျိူးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကို ရွေးဖို့က နည်းနည်းတော့ ခက်တယ်ဗျ။ ဘာလို့လဲဆိုတော့ ပုံမှန်အားဖြင့် တိုင်းရင်းသားပါတီတွေက အမျိုးသားလွှတ်တော်ကို အများဆုံး အဓိက ထားကြမှာ ဒါပေမယ့် အဲ့လိုဟုတ်ချင်မှ ဟုတ်မှာ တချို့ တိုင်းရင်းသားပါတီတွေက အမျိုးသားလွှတ်တော်မှာ တချို့က ပြည်သူ့လွှတ်တော် အဲ့ဒီလိုမျိုး ကွဲသွားတာဆိုတော့ ကျွန်တော်တို့က အတိအကျ ခန့်မှန်းဖို့ ခက်တယ်။

အဲ့တော့ အလားအလာနှစ်မျိုးပဲ သောင်ပြိုကမ်းပြို နိုင်တာမျိုး ဖြစ်ရင်ဖြစ်မယ်၊ ညွှန့်ပေါင်းအစိုးရဖွဲ့တာမျိုး ဖြစ်နိုင်တယ်။ အဲ့လောက်ပဲ ခန့်မှန်းလို့ ရနိုင်တယ်၊ အတိအကျတော့ သိပ်တွက်လို့ မရနိုင်ဘူး။

မဇ္ဈိမ   ။           ။ တချို့ကလည်း ပြောကြတယ်၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ညွှန့်ပေါင်း ဖြစ်နိုင်တယ်ဆိုတာ။ တကယ်လို့  NLD မဲဆန္ဒနယ် ၃၃၃ နေရာ မနိုင်ဘဲ ၂၀၀ လောက်ပဲ နိုင်မယ်ဆိုရင် တပ်က လည်း ၁၆၆ မဲရှိတော့ တပ်နဲ့ပေါင်းဖို့  အလားအလာရှိမလား၊ တိုင်းရင်းသားနဲ့ ပေါင်းဖို့ အလားအလာရှိမလား။

ဦးကျော်ဝင်း ။          ။ အဲ့တာ ကျွန်တော် စောစောက ပြောတဲ့အထဲလည်း ပါပြီးပြီ။ NLD က နိုင်တော့နိုင်မယ် ညွှန့်ပေါင်းဖွဲ့ရမယ်ဆိုရင်တောင် သူ့စိတ်ကြိုက်ဖွဲ့လို့ရတယ်၊ သူ့စိတ်က တိုင်းရင်းသားနဲ့ ပေါင်းချင်တယ်ဆို ဖြစ်တယ်။ တိုင်းရင်းသားမဲရယ်၊ NLD မဲရယ် ပေါင်းလိုက်ရင် အစိုးရဖြစ်တယ်။

ဒါပေမယ့် သူ့စိတ်က တိုင်းရင်းသားနဲ့ မပေါင်းချင်ဘူး တပ်နဲ့ပေါင်းမယ်၊ တပ်နဲ့ ပြေလည်အောင် လုပ်မယ် ဆိုရင်လည်း ဖြစ်တယ်။ တပ်နဲ့ပေါင်းမလား တိုင်းရင်းသားနဲ့ ပေါင်းမလားဆိုတာ NLD အပေါ်မှာ မူတည်တယ်၊ အဲ့တာ ကျွန်တော်တို့ ပြောလို့မရဘူး။ အဲဒီအချိန်မှာ NLD က ဘယ်လို ဆုံးဖြတ်မလဲ၊ ညွှန့်ပေါင်းဖွဲ့နိုင်တောင်မှ NLD စိတ်ကြိုက်ဖွဲ့နိုင်တဲ့ အနေအထား ရှိတယ်။

မဇ္ဈိမ   ။          ။ အခုဆိုရင် NLD ခေါင်းဆောင်တချို့ ပြောတာတွေ ကြားလာတယ်၊ ဥပမာ နာမည်တပ် ပြောရရင် ဦးဝင်းထိန်ပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်လိုက်ရင် သေချာပေါက် သမ္မတဖြစ်မယ်ဆိုတာမျိုး၊ ရုရှားမှာလည်း နိုင်ငံရေးထဲဝင်ပြီးမှ အုပ်ချုပ်ရေးပိုင်းကို သူလုပ်နိုင်တယ် ဆိုတာမျိုး ပြောတယ်ဗျ။ ဆိုတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သမ္မတဖြစ်နိုင်လား ဘယ်လိုမျိုး သုံးသပ်မိလဲ။

ဦးကျော်ဝင်း ။          ။ အဲတာကတော့ သူ့အပေါ် မူတည်တာပဲ၊ ကျွန်တော်ကတော့ အဲ့လိုတွေ မသုံးသပ်ချင် ဘူး၊ ဝါသနာမပါဘူး။ ဘယ်သူပဲ သမ္မတဖြစ်ဖြစ် နံပါတ်တစ် အရေးကြီးဆုံးကတော့ တိုင်းရင်းသားနဲ့ ပြေလည်ရ မယ် တိုင်းရင်းသားနဲ့ မပြေလည်ရင် ပြည်ထောင်စုပြိုကွဲသွားနိုင်တဲ့ အန္တရာယ်ရှိတယ်။ နံပါတ်နှစ်က တပ်နဲ့ အဆင်ပြေရမယ် ကျွန်တော်တို့က လက်ခုပ်သံရရင် ပြီးရောဆိုပြီး တပ်ဆန့်ကျင်ပြီး ပြုံးပျော် နေလို့ မရဘူး၊ အဲဒီနှစ်ခုတော့ အရေးကြီးတယ်။ အဲတော့ ဦးမင်းအောင်လှိုင်ပဲ သမ္မတဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစု ကြည်ပဲ သမ္မတဖြစ်ဖြစ်၊ လက်ရှိ ဦးဝင်းမြင့်ပဲ သမ္မတဖြစ်ဖြစ်၊ အဲနှစ်ချက် ပြေလည်ဖို့ အရေးကြီးတယ်။ အဲ နှစ်ချက် ပြေလည်ရင် တိုင်းပြည်က အကောင်းဆုံး မဖြစ်လာတောင် အခြေအနေမဆိုးဘူး။ အဲနှစ်ချက် မပြေ လည်ရင်တော့ လှိမ့်လှိမ့်ဖြစ်ဦးမယ်ထင်တယ်၊ ကျွန်တော်ကတော့ ဘယ်သူသမ္မတ ဖြစ်မယ်ဆိုတာကို စိတ် မဝင်စားဘူး၊ ဘယ်သူဖြစ်ဖြစ် အဲနှစ်ချက်ပဲ အရေးကြီးတာပါ။

မဇ္ဈိမ ။         ။ တချို့ကလည်း ပြောကြတယ်၊ NLD အစိုးရလက်ထက်မှာ တိုင်းရင်းသားတွေနဲ့ အလှမ်း ဝေးသွားတယ်လို့လည်း ပြောကြတယ်၊ အရင်တုန်းကတော့ တော်တော်လေးနီးစပ်တယ် ပြောကြတယ်။ အခုကျ တပ်နဲ့ ပိုနီးစပ်နေတယ်လို့ မြင်လာတယ်။ ဆိုတော့ အဲတာနဲ့ပတ်သတ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်း တစ်ခုအဖြစ် ဘယ်လိုမြင်လို့ရလဲဗျ။

ဦးကျော်ဝင်း ။          ။ အမှန်က NLD ရဲ့ အနေအထားက တပ်နဲ့ကော၊ တိုင်းရင်းသားနဲ့ကော ပြေလည်ဖို့လို တယ်။ balance ညီမှလည်း ဖြစ်မှာ တပ်နဲ့ပဲ ပြေလည်နေမယ်ဆို တိုင်းရင်းသားတွေ စွပ်စွဲနေတဲ့ ဗမာလူမျိုးကြီး ဝါဒ ဖြစ်သွားလိမ့်မယ်၊ ဒါဆို ပြည်တွင်းစစ်က ရပ်နိုင်မှာ မဟုတ်ဘူး။ တစ်ပြိုင်နက်ထဲပဲ တိုင်းရင်းသားနဲ့ ပြေလည် ပြီး တပ်နဲ့လည်း မပြေလည်ဘူးဆိုရင် သွားရတဲ့ ဒီမိုကရေစီလမ်းကြောင်းက အချိန်ကြာသွားလိမ့်မယ်။ အဲတော့ NLD က တပ်နဲ့ ပြေလည်ဖို့ ကြိုးစားတာကို မမှားဘူးလို့ထင်တယ်၊ ဒါလုပ်သင့်တယ် တိုင်းရင်းသားနဲ့ ပြေလည်ဖို့ ကြိုးစားတာက ဒီထက် ပိုအားထည့်သင့်တယ်လို့ ထင်တယ်။ တချို့ကိစ္စတွေမှာ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်နဲ့ ဝေးဝေးလာတာကို မြင်နေရလို့ ဒီစကားကို ပြောတာ။

မဇ္ဈိမ   ။         ။ NLD ရဲ့ တိုင်းရင်းသားတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းက အား သာချက်၊ အားနည်းချက်တွေကို ဘယ်လို မြင်မိလဲ၊ ဘာများ အကြံပြုချင်လဲ။

ဦးကျော်ဝင်း ။         ။ အဓိကကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးမှာပေါ့ဗျာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီး ချုပ်ကို သမ္မတက ခန့်ဆိုတာမျိုးပေါ့။ ပုဒ်မ ၂၆၁ ထင်ပါတယ် အဲဒီပုဒ်မက NLD အတိုက်အခံဘဝတုန်းက တင် တဲ့ အထဲမှာ ပါပါတယ်၊ ကျွန်တော် ဆောင်းပါးလည်း ရေးထားတယ်။

NLD လည်း ဒါပြင်ချင်ပါတယ် နောက်မှ တစ်မျိုးတစ်မည် ဖြစ်သွားတာ ဒါလည်း စိုးရိမ်စိတ်ကြောင့် ဖြစ်တယ်ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ ရခိုင်မှာ အစိုးရကလည်း ရခိုင်ကဖြစ်မယ်၊ လွှတ်တော်ကလည်း ရခိုင်ပါတီက ဖြစ်မယ်ဆိုရင် ဘင်္ဂါလီပြဿနာတွေ အခြေအနေ ဆိုးသွားရင် နိုင်ငံတကာ ဖိအားတွေ များလာမှာကို စိုးရိမ်တယ်။

ဒီအတွက်လည်း ဖြေဆေးရှိပါတယ်၊ အိန္ဒိယပုံစံပေါ့ဗျာ။ တစ်ဖက်က လွှတ်တော်ကို လွှဲလိုက် လွှတ်တော်ကနေပဲ ဝန်ကြီးချုပ်ကို ရွေးလိုက်၊ ဒါပေမယ့် အဲတာကို သမ္မတ အာဏာနဲ့ ပြန်ထိန်းနိုင်အောင် ပြည်နယ်အုပ်ချုပ်ရေးမှူးကို သွားပေါ့။ ပြည်နယ်အုပ်ချုပ်ရေးမှုးဆိုတာ မြန်မာနိုင်ငံမှာတော့ ထွေအုပ်ပေါ့ဗျာ၊ အဲဒီထွေအုပ် ဆိုတာလည်း အခု အစိုးရအောက်မှာ ရောက်နေပြီ၊ တွဲသွားမယ်ဆိုလည်း ဖြစ်ပါတယ်။ ဆိုလိုတာက နည်းလမ်းတွေ အများ ကြီး ရှိပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ NLD က ပြင်မပေးလိုက်ဘူး၊ ပိုဆိုးတာက အဲဒီပုံစံကို တပ်ကလည်း ပြင်ချင်တယ်၊ တော်တော်များများကလည်း ပြင်ချင်တယ်၊ NLD က တောင့်ခံနေတာ။ အဲဒီကိစ္စက တိုင်းရင်းသားတွေ အမြင်မှာ ဘယ်လိုမှ မကောင်းနိုင်ဘူး။ ဒါကတော့ မူနဲ့ဆိုင်တဲ့ အရေးကြီတဲ့ကိစ္စ မူနဲ့တော့ဆိုင်တယ်။ ဒီလောက် အရေး မကြီးတဲ့ ပြဿနာတွေလည်း ရှိသေးတယ်၊ ဘာတွေလဲဆိုတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပေါ့၊ ဗိုလ်ချုပ်ကြေးရုပ် ကိစ္စတို့၊ တံတားကိစ္စတို့ပေါ့၊ ဒါတွေကတော့ မပြောတော့ပါဘူး။ အရေးကြီးဆုံးကတော့ ပုဒ်မဟာပေါ့။ ပုဒ်မက ဘာကြောင့် အရေးကြီးလဲဆိုတော့ ၁၉၄၇ အခြေခံဥပဒေမှာ အခြေခံရမယ့် အချက် (၇)ချက်ကို ဗိုလ်ချုပ် အောင်ဆန်းက ပြောခဲ့တာရှိတယ်။

အဲအထဲမှာ နံပါတ်နှစ် အချက်က ဘာလဲဆိုတော့ ပြည်ထောင်စုထဲမှာပါတဲ့ ပြည်နယ်တိုင်းဟာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ စေရမယ်ဆိုတာ၊ အဲဒီပုဒ်မနဲ့ ငြိနေတယ်။ အဲတာ ဗိုလ်ချုပ် ကိုယ်တိုင်ပြောခဲ့တာ အဲတော့ ဘာပဲပြောပြော သမိုင်းတွေက အဲလိုရှိခဲ့တာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ဟာနဲ့ ပြောင်းပြန်ဖြစ်နေတာတော့ သိပ်မကောင်းဘူး ဒါတွေက ပြန်စဉ်းစားသင့်ပါတယ်။ ကျွန်တော်ထင်ပါတယ် ပြန်စဉ်းစားကြမယ်လို့၊ အဲကိစ္စကတော့ တိုင်းရင်းသား တွေနဲ့  တော်တော် ကွာသွားတဲ့ ကိစ္စလို့ ထင်ပါတယ်။

မဇ္ဈိမ   ။           ။ လက်ရှိ ကျွန်တော်တို့နိုင်ငံ အနေအထားနဲ့ ဖဆပလ လက်ထက် နိုင်ငံရေး အနေ အထားနဲ့ နှိုင်းယှဉ်ပြီး ဘာတွေကို သင်ခန်းစာယူလို့ ရနိုင်ပါသလဲ။

ဦးကျော်ဝင်း ။           ။ ဖဆပလ လက်ထက်ကတော့ နောက်ပိုင်းမှာ သန့်ရှင်းတည်မြဲ ဖွဲ့တာလည်း ခင်ဗျားတို့ သိပြီးသားပါ၊ သန့်ရှင်းတည်မြဲဖွဲ့တော့လည်း ပြဿနာတက်တယ်၊ အခုတက်တဲ့ ပြဿနာမျိုးပဲ။ ဦးနုက ဗိုလ်ချုပ် အောင်ဆန်းပုံသုံးတယ်၊ တည်မြဲက ကန့်ကွက်တယ်၊ နောက်ဆုံးကျ သန့်ရှင်းကော တည်မြဲကော မသုံးနဲ့ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ ကျတယ်ဗျ။ အခုလည်း ဒီပြဿနာတွေ ဖြစ်တယ်ပေါ့ဗျာ။

သမိုင်းပဲ ပြန်ပြောချင်တယ်၊ ဘယ်လို ဆုံးဖြတ်ပါဆိုတာမျိုး အကြံမပေးချင်ဘူး။ နောက်တစ်ချက်က သန့်ရှင်းနဲ့ တည်မြဲ ကွဲသွားပြီးတဲ့နောက် တပ်က အာဏာသိမ်းတာ၊ ဒါလည်း မကွဲပြန်ဘူး တပ်က အာဏာသိမ်းတာလား ဒါမှမဟုတ် အိမ်စောင့်အစိုးရအနေနဲ့ တက်တာလား။ ဒါကလည်း အငြင်းပွားစရာတွေတော့ ရှိတယ်။ ထားလိုက်ပါ ဘာပဲပြောပြော တည်မြဲနဲ့နီးတဲ့ တပ်နဲ့ အဲတုန်းက တပ်နဲ့တည်မြဲက နီးတာကို တပ်က တက်လာတဲ့ အခါကျတော့ ဦးနုအတွက် တော်တော် အခြေအနေ ကောင်းသွားတယ်။ ဒါပေမယ့် ၆၀ ရွေးကောက်ပွဲ လုပ်တဲ့ အခါကျတော့ စုပြုံပြီးတော့ သန့်ရှင်းကို မဲပေးလိုက်ကြတယ်၊ သိပ်ကောင်းတဲ့ အခင်းအကျင်း တစ်ခု ဘာနဲ့သွား တူလဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD မဲမကွဲစေချင်တာနဲ့ အားလုံးက NLD ချည်း မဲပေးလိုက် ကြတယ်။

၁၉၆၀ ခုနှစ် ရွေးကောက်ပွဲတုန်းက သန့်ရှင်း မဲပေးသလို အခု NLD မဲပေးလိုက်ကြတယ်။ ဒါပေမယ့် ၆၀ ရွေးကောက်ပွဲ တက်လာတဲ့ အခါကျတော့ ဝိဒူရ သခင်ချစ်မောင် ပြောတဲ့ဟာလေးကို ပြန်ပြောပြချင်တယ်။ လူထုရဲ့ ဒီမိုကရေစီဆန္ဒကို သန့်ရှင်းအစိုးရက မဖြေရှင်းနိုင်ဘဲ မလိုအပ်တဲ့ ကိစ္စတွေနဲ့ အချိန်ကုန်နေ တယ်၊ အဲတော့ လူထုရဲ့ဆန္ဒတွေက ဟောသိခံဖြစ်ခဲ့ရတယ် ဆိုပြီးတော့ ဝိဒူရ သခင်ချစ်မောင်က ဝေဖန်ဖူးတယ်။

အခု NLD ရဲ့ ပြီးခဲ့တဲ့ ငါးနှစ်တာကာလ ပြန်ကြည့်ရင် တိုက်ရိုက်တော့ မတူဘူးပေါ့၊ အဲလို ဆန်ဆန် (အခြေ အနေတူ)တွေ ဖြစ်ခဲ့သလားလို့ စဉ်းစားရတယ်၊ ဒါတွေ ကျယ်ကျယ်ပြန့်ပြန့် တွေးကြရင်တော့ ကောင်းတာ ပေါ့ဗျာ၊ ကျွန်တော်ကတော့ သိပ်မပြောချင်ဘူး။ ဘာလို့လဲဆိုတော့ ဒီမှာက တော်တော်ခက်တယ် ကျွန်တော်တို့ ဆီမှာက ဘာမှ လွတ်လွတ်လပ်လပ် ဝေဖန်လို့မကောင်းဘူး။

မဇ္ဈိမ ။          ။ ကျွန်တော်တို့ သတိထားမိတာက ရွေးကောက်ပွဲကာလ အခြေအနေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်ရေး၊ မဖြစ်ရေးကိုပဲ အာရုံထား နေကြတယ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ မှာ သက်တမ်းပြည့်ပြီး ဒါပေမယ့် သူအနားယူမှာလား မယူဘူးလားဆိုတာကို ထုတ်မပြောသေးဘူးနော်၊  ဆိုတော့ ဒီအခြေအနေပေါ် အန်ကယ် ဘယ်လိုများ သုံးသပ်မိလဲဗျ။

ဦးကျော်ဝင်း ။          ။ အဲတာက သူ့သဘောနဲ့ပဲ ဆိုင်တယ်၊ သူအနားယူချင်လဲ ရတယ်၊ မယူချင်လဲ ရတယ်ဆို တော့ ဒါပေမယ့် ကျွန်တော့်အထင်တော့ ယူလိမ့်မယ်ထင်ပါတယ်။ သူ့ သက်တမ်းကလည်းကုန်နေပြီဆိုတော့ ထပ်ပြီး ယူမယ်ဆိုလည်း ဖြစ်တော့ ဖြစ်တာပေါ့၊ ဒါပေမယ့် သိပ်ပြီးတော့ မကောင်းဘူးပေါ့၊ အဲတော့ အနားယူ လိမ့်မည် ထင်ပါတယ်။ ဒါကတော့ ထင်မြင်ချက်ပါ ကျွန်တော်တို့လည်း သေချာတော့ မပြောနိုင်ပါဘူး။

မဇ္ဈိမ ။          ။ ၂၀၁၅ တုန်းက NLD ရွေးကောက်ပွဲ အနိုင်ရပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ၊ တိုင်းရင်းသားတွေက သူတို့အတွက် အခွင့်အရေးတွေ ပိုရမယ်ထင်ကြတယ်၊ ဒါပေမယ့် ပိုဝေးလာသလို ခံစား လာကြရတယ်။ အဲဒါက NLD ရဲ့ ချဉ်းကပ်ပုံမှာ ဘာမှားနေလို့လဲဗျ အန်ကယ် ဘာများ အကြံပြုချင်လဲ။

ဦးကျော်ဝင်း ။           ။ တည့်တည့်ပြောရင်တော့ NLD တစ်ခုတည်း၊ အမှားမဟုတ်ပါဘူး။ မြန်မာပြည်မှာ လွတ်လပ်ရေး ရပြီးချိန်ကစပြီး ယနေ့အထိ ဖဆပလကနေ NLD အထိ ကြားထဲမှာ စစ်အစိုးရလည်း ပါတယ်။ တက်လာတဲ့ အစိုးရ အဆက်ဆက်ရဲ့ အားနည်းချက်ပဲ။ အဲတာက ဘာလဲဆိုတော့ မြန်မာပြည်ရဲ့ ပြဿနာက နှစ်ခုရှိတယ်၊ တစ်ခုက တိုင်းရင်းသားပါတီတွေက သူတို့ရဲ့ Identity အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တောင်းနေတဲ့ ပြဿာနာ တစ်ခုရှိတယ်။

နောက်တစ်ခုက ဗမာတွေက တက်လာတဲ့ အစိုးရကို မကျေနပ်လို့ ပုန်ကန်ကြတာ ဟိုတုန်းက လက်ဝဲ အယူ အဆအရ ပြောရင်တော့ တစ်ပြည်လုံး အတိုင်းအတာအရ ပြောရင်တော့ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးလို့ ခေါ်တာပေါ့ဗျာ။ ဟိုတုန်းကတော့ ဗကပဦးဆောင်တာပေါ့၊ တိုင်းရင်းသားတွေ ဦးဆောင်တာကျ အမျိုးသား ဒီမိုကရေစီခေါ်တာ။ ကျွန်တော်တို့နားလည်ထားတာ ပြည်သူ့ဒီမိုကရေစီက အရေးကြီးတယ်၊ ဒါရရင် တိုင်းရင်း သားက Auto ဖြစ်လာမယ်ထင်ထားတာ၊ တကယ်ကျ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးက ပြီးသွားပြီ လမ်းခု လတ်တင် ရပ်သွားပြီ။ ပြီးသလောက်ဖြစ်သွားပြီ။ အခု တိုင်းရင်းသားတွေက မပြီးနိုင်မစီးနိုင် ဖြစ်နေတာ ပြန် review လုပ်ရတယ်။ ဘယ်ဟာက ပိုအရေးကြီးလဲ။ အဲတော့ ဗမာအချင်းချင်းဖြစ်တဲ့ စစ်ပွဲက အရေးကြီးလား၊ တိုင်းရင်းသားတွေက သူတို့ identity အတွက် လိုအပ်တာကို တောင်းဆိုတာက အရေးကြီးလား၊ ပြန်ကြည့်မယ်ဆို တိုင်းရင်းသား တွေရဲ့ တောင်းဆိုချက်က အရေးကြီးတယ်။ ပြန်ကြည့်မယ်ဆို သမိုင်းမှာလည်း ပင်လုံက ဗိုလ်ချုပ်အောင်ဆန်း ကတိပေးထားတဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် တောင်းတာ အဲဒီတော့ အဲဒါကို အဓိကထား ဖြည့်ဖို့ လိုအပ်တယ်။  

ဒါပေမယ့် ကျွန်တော်တို့ ဗမာအစိုးရ အဆက်ဆက်က အဲဒီတိုင်းရင်းသား အရေးကို လိုအပ်သလောက် နက်နက် ရှိုင်းရှိုင်း နားမလည်ဘူး၊ အဲဒီဟာက ပြဿနာပဲ။ NLD တစ်ခုတည်းရဲ့ အားနည်းချက် မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်၊ အစိုးရ အဆက်ဆက်ရဲ့ အားနည်းချက်ပဲ။ ရှေ့လျှောက်လည်း အဲဒီ တိုင်းရင်းသားတွေရဲ့ လိုလား ချက်ကို နားမလည်ရင် တက်လာတဲ့ အစိုးရတိုင်းက ပြဿနာကို ဘယ်တော့မှ ပြီးအောင် ဖြေရှင်းနိုင်မှာ မဟုတ် ဘူး။ ဒီပြည်တွင်းစစ် သံသရာထဲကို လုံးလည်လိုက်နေမှာ။ ကျွန်တော်တော့ အဲ့ဒီလိုမြင်တယ်။

မဇ္ဈိမ   ။         ။ ဟုတ်ကဲ့ အန်ကယ်။ ဒီလိုဆို ကျွန်တော်တို့ နားလည်မိတာ လူမျိုးစုပဋိပက္ခတွေကို ဖြေရှင်းခဲ့တဲ့ အခါမှာ ဥရောပနိုင်ငံတွေဆိုရင် တရားမျှတရေး ရှုထောင့်ကနေကြည့်ပြီး ဖြေရှင်းတယ်လို့ လေ့လာ မိတယ်ဗျ။ ဒီကိုလိုနီနိုင်ငံတွေ ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံတွေကျတော့ အမျိုးသားလုံခြုံရေး ရှုထောင့်ကနေ ကြည့်ပြီး ဖြေရှင်းတဲ့ အခါကျတော့ ခဏက ဆရာပြောတဲ့ ပေးသင့်ပေးထိုက်တာတွေ မပေးဘဲ ဆုပ်ကိုင်ထားတာရှိတယ်။ ပေးလိုက်ရင်လည်း တခြားတွေက တောင်းမလားလို့ စဉ်းစားတာရှိမှာပေါ့။ ဒီတော့ ကျွန်တော်တို့ ဘယ်လို ပုံံစံမျိုး ချဉ်းကပ်သင့်လဲ။

ဦးကျော်ဝင်း ။          ။ အဲတာက ကျွန်တော်တို့ ထူးပြီးတော့ ရှာဖွေစရာ မလိုပါဘူးဗျာ။ ဗိုလ်ချုပ်အောင်ဆန်း မသေခင် ပင်လုံက ဆုံးဖြတ်ချက် ကျပြီးသားပါ၊ ပင်လုံစာချုပ် ရှိတယ်။ ပင်လုံစာချုပ်က (၉)ချက်ရှိတယ်။ (၉) ချက်ထဲမှာ တစ်ချက်ချင်း ပြန်ပြောရင်ပေါ့ဗျာ။

(၁) ကနေ (၄)အထိကတော့ အဲဒီတုန်းက ရှိခဲ့တဲ့ ဘုရင်ခံ ၊ အမှုဆောင်၊ ကောင်စီ၊ အစိုးရထဲမှာ တောင်တန်း ဒေသ ကိုယ်စားလှယ်၊ လက်ထောက် ကိုယ်စားလှယ်ထည့်ရင် ဒါ  (၁)နဲ့ (၂) ပြီးသွားပြီ။ အခုက ဘုရင်ခံ၊ အမှု ဆောင်၊ ကောင်စီ၊ အစိုးရလက်ထက် မရှိတော့ဘူး၊ ပြီးသွားပြီ၊ ဒါကတိကဝတ်နဲ့မဆိုင်ဘူး။

(၅) က အရေးကြီးတယ်။ (၅)ကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းချက်ဘဲ။ တောင်တန်းဒေသသားတွေ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့် အပြည့်အဝ ရစေရမယ်ဆိုတဲ့ အချက်ပါတယ်။ အဲ့ဒါ ကတိကဝတ်ပဲ။ နောက်(၆) က ကချင်ပြည်နယ် ဖွဲ့စည်းရေး ဒါလည်း ကချင်ပြည်နယ်ပေါ်ပြီ ထားလိုက်တော့။

နောက်ထပ် (၇)၊  (၇)ကလည်း တော်တော်အရေးကြီးတယ်။ တောင်တန်းဒေသသားတွေမှာ တခြား ဒီမိုကရေစီ နိုင်ငံတွေမှာ ဒီမိုကရက်တစ် အခွင့်အရေး ပေးရမယ်ဆိုတဲ့ အချက်ပါတယ်၊ ဒါ ကတိကဝတ်ပဲ။ နောက်(၈) နဲ့ (၉) ကတော့ ဒီနေ့ ဖက်ဒရယ်လစ်ဇင်ပေါ့၊ ဒါနဲ့ ဆိုင်တယ်၊ အဲ့တော့ လေးချက်ပါတယ်။

ပင်လုံစာချုပ်(၉)ချက်ထဲမှာ ၅-၇-၈-၉ အဲ့ထိ (၄)ချက်က ကတိကဝတ်ပဲ။ နောက်တစ်ခုက ပင်လုံ ဆွေးနွေးပွဲ တွေမှာ ဗိုလ်ချုပ်ကိုယ်တိုင် ခွဲထွက်လိုရင် ခွဲထွက်ခွင့် ပေးပါမယ်ဆိုပြီး ကတိပေးထားတာ ရှိတယ်။ အဲ့တာက စာချုပ်ထဲ မပါပေမယ့် gentleman's agreement အနေနဲ့ သဘောတူထားတာ ရှိတယ်။ ဆိုတော့ ဒါကိုလည်း ထည့် စဉ်းစားရင် ခဏက လေးချက်နဲ့ပေါင်း  ငါးချက်ရှိတယ်။

အဲဒီအချက်တွေနဲ့ တိုင်းရင်းသားတွေက ဒါကိုလည်း ထည့်စဉ်းစားမယ်ဆိုရင် ခဏ လေးချက်နဲ့ ငါးချက်ရှိတယ်။ အဲအချက်တွေနဲ့ တိုင်းရင်းသားတွေက သူတို့ ရသင့်တယ်လို့ ထင်တယ်။ ဗိုလ်ချုပ်ကိုယ်တိုင်လည်း ပေးထား တယ်၊ အဲဒီအတွက် တောင်းနေတာ။ အဲတော့ ဒီကိစ္စတွေက ကျွန်တော်တို့ ညှိုနှိုင်းပြီး ပေးလိုက်ဖို့ ကောင်း တယ်။

ဒါပေမဲ့ အခုထိ ကျွန်တော်တို့ ဘာကြောင့်မှန်းမသိဘူး တွန့်ဆုတ်နေတယ်၊ အဲတော့ မကောင်းဘူး။ ပေးလိုက်ရင် ဘာဖြစ်မလဲ။ တချို့ စိုးရိမ်တာ ဖြစ်ချင်ဖြစ်မယ်၊ ခွဲထွက်သွားမယ်၊ အဲလောက်ထိ စိုးရိမ်စရာမရှိဘူး။ ခွဲမထွက်ချင် တဲ့ အခြေနေတွေပေးရင် ဘယ်လိုမှ ခွဲထွက်မှာ မဟုတ်ပါဘူး၊ ခွဲထွက်တဲ့ အခြေနေတွေရှိရင်မလွယ်ဘူး။

အခုပုံတိုင်း ဖြစ်ကြလို့ရှိရင်တော့ တိုင်းရင်းသားတွေသာ နိုင်သွား၊ အစိတ်စိတ် အမွှာမွှာကွဲမယ်။ စစ်တပ်က နိုင်သွားရင်လည်း ပြည်တွင်းစစ်က ဘယ်တော့မှ ရပ်မှာ မဟုတ်ဘူး။ တပ်မတော်ကလည်း လိုချင်တဲ့ အဖြေ ရမှာ မဟုတ်ဘူး၊ တိုင်းပြည်သာ စုတ်ပြတ်သွားမှာ။

အဲတော့ လုံခြုံရေးတွေ၊ ဘာတွေ ကြီးကြီးကျယ်ကျယ် စဉ်းစားမနေနဲ့။ ရိုးရိုးလေးပဲ ကျွန်တော်တို့ သမိုင်းမှာရှိတဲ့ ပင်လုံ ကတိကဝတ်တွေ ဖြည့်မလား၊ မဖြည့်ဘူးလားပဲ။ ဒါ ဗိုလ်ချုပ် ခိုင်းခဲ့တဲ့ဟာ ဖြည့်မယ်ဆိုရင်လည်း ဗိုလ်ချုပ် စကား နားထောင်ရာကျတယ်။ မဖြည့်ဘူးဆိုရင် ဗိုလ်ချုပ်စကားလည်း ဆန့်ကျင်ရာ ရောက်မယ်။ တိုင်းရင်းသား တွေလည်း မကျေနပ်ပါဘူး။ တည့်တည့်ပြောရရင်တော့ အဲဒီလိုပဲ ပြောရမယ်ထင်တယ်။

မဇ္ဈိမ ။         ။ ဟုတ်ကဲ့ အန်ကယ်။ အခုပေါ့လေ တချို့ဟာ ကျတော့လည်း အငြင်းပွားလာတာ။ ဖယ်ဒရယ် တည်ဆောက်ရေးမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကတော့ ဟုတ်ပြီ။ ဒါပေမယ့် တချို့ကကျတော့ “ဝ” ရဲ့ ကိစ္စမှာ ကျတော့လည်း အခုငြိမ်းချမ်းရေးကိစ္စ စဉ်းစားချက်တွေက မရှိသလောက်ပဲ ဖြစ်နေတယ်။ အခု AA ကလည်း ဖက်ဒရယ်ကနေ ကွန်ဖက်ဒရေးရှင်းလိုမျိုး ပြောတာတွေလည်း ရှိတယ်ဆိုတော့။ ကျွန်တော်တို့ ဘယ်လိုပုံစံမျိုး ဒါကိုညှိနှိုင်းယူကြမလဲဗျ။

ဦးကျော်ဝင်း ။          ။ အဲတာပြောတာပေါ့။ ကျွန်တော်တို့က မြန်မြန်လုပ်ဖို့ လိုတယ်။ အခုအချိန်မှာ အဖြေ တစ်ခု ရလို့ရှိရင်တော့ ဖက်ဒရယ်ကို တိုင်းရင်းသားအားလုံး လက်ခံနိုင်ပါတယ်။ “ဝ” တို့ AA တို့နဲ့တော့ တော်တော်လေး ညှိရလိမ့်မယ်။ ဒါပေမယ့် လက်ခံနိုင်ပါတယ်။

အခုအချိန်မှာ လက်မခံဘဲနဲ့ သိပ်ကြာသွားရင်တော့ ဖက်ဒရယ်လောက်တော့ လက်ခံမယ် မထင်တော့ဘူး။ ကွန်ဖက်ဒရေးရှင်းတွေ၊ ဘာတွေ ပြောလာတော့မယ်။ အဲတာဆို ပိုပြီး ဖြေရှင်းရ ခက်သွားလိမ့်မယ်။ ဒါကြောင့် မလို့ ကျွန်တော်မြန်မြန်လည်း ဖြစ်စေချင်တယ်၊  ဒါအရေးကြီးတဲ့ အချက်။

နောက်တစ်ခု ဒါလည်း တစ်ဆက်တည်းပဲ ပြောရမယ်။ တိုင်းရင်းသားတွေကြားထဲမှာ အဲဒီ အယူအဆ ရှိကောင်း ရှိနိုင်တယ်။ အဲတာက ဘာလဲဆိုတော့ တိုင်းရင်းသားတွေက ပြည်ပနိုင်ငံတချို့ရဲ့ အကူအညီ ရထားတာရှိတယ်။ ဒါဘယ်နိုင်ငံဆိုတာ ခင်ဗျားတို့လည်း သိပါတယ်၊ ဒါတစ်ချက်။

နောက်တစ်ခုက ဖြစ်နေတာက စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်း မရတဲ့ အခြေအနေ။ Biliteral တော့ လက်မှတ်ထိုးထားတယ် အစိုးရနဲ့။ ဒါတစ်ပြည်လုံး အတိုင်းအတာတော့ လက်မှတ်မထိုးဘူး။ “ဝ” ပေါ့။ အဲဒီ အနေအထား။

အဲဒီအတွင်းမှာ ဘာလုပ်လဲဆိုတော့ စီးပွားရေး တွန်းလုပ်တယ်၊ နည်းမျိုးစုံနဲ့ လုပ်တယ်ပေါ့ဗျာ။ ရတဲ့ ပိုက်ဆံနဲ့ တပ်ကို ဖြည့်တယ်။ အဲဒီလိုနဲ့ တပ်ကလည်း အင်အား ကောင်းလာတယ်။ တစ်ဖက်မှလည်း နိုင်ငံတကာက၊ နိုင်ငံတကာဆိုတာ အိမ်နီးနားချင်းနိုင်ငံက အကူအညီရတော့ တပ်က တော်တော်ကြီးထွားလာတယ်။ အဲဒီ အနေအထားမှာ ပါးစပ်က ကွန်ဖက်ဒရေးရှင်းတွေ၊ ဘာတွေ ပြောစရာမလိုတော့ဘူး။ သို့သော် ကွန်ဖက်ဒရေးရှင်း နီးနီးလောက်ကို အခြေအနေက ကောင်းနေတယ်။ ဒီအနေအထား။

အဲ့တာကို တချို့သော တိုင်းရင်းသားတွေက အားများ ကျနေလား မသိဘူး။ ကျွန်တော်တော့ မဖြစ်နိုင်ဘူး ထင်တယ်၊ အားမကျသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ပထဝီနိုင်ငံရေး အကျိုးဆက်။ “ဝ” ဒီလိုဖြစ်သွား တာက ဘာဖြစ်လို့လဲ ပထဝီနိုင်ငံရေးကြောင့် ဖြစ်တာ။ အဲ့တော့ ကျွန်တော်တို့ တခြားဒေသက အထူးသဖြင့် မြန်မာပြည် အောက်ပိုင်းက ဟာတွေမှာ ဒီအလားအလာ မရှိနိုင်ဘူး။

အဲတော့ အဲတာက တိုင်းရင်းသားတွေဘက်က စဉ်းစားဖို့လိုတယ်။ “ဝ” ကို အားကျပြီး “ဝ” လိုဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုးရှိခဲ့ရင်တော့ အဲတာက လက်တွေ့ ဖြစ်နိုင်မဖြစ်နိုင် သေချာစဉ်းစားကြပါ။ ဒါ တိုင်းရင်း သားတွေကို ကျွန်တော် မေတ္တာရပ်ခံတာပါ။

စစ်တပ်ကို မေတ္တာရပ်ခံချင်တာကတော့ စစ်တပ်နဲ့ အစိုးရပေါ့ဗျာ။ မြန်မြန်ဆန်ဆန်လုပ်ပါ ခင်ဗျားတို့။ ပေးသင့်တာ ပေးလိုက်ပါ။ ပေးသင့်တာမှ မပေးလို့ရှိရင် ကြာရင် ကွန်ဖက်ဒရေးရှင်းတွေ ဘာတွေ တောင်းလာရင် ပိုရှုပ် ကုန်မယ်။ သူတို့ကို မေတ္တာရပ်ခံတာက စစ်တပ်နဲ့ အစိုးရ၊ ဘယ်အစိုးရတော့ မသိဘူးပေါ့ဗျာ။ ဘယ်အစိုးရပဲ တက်တက်ပါ။ မေတ္တာရပ် ခံချင်တာကတော့ ပေးသင့်ပေးထိုက်တာကို မြန်မြန်ပေးလိုက်ကြဖို့၊ တိုင်းရင်းသား တွေကို မေတ္တာရပ်ခံချင်တာကတော့ ပထဝီနိုင်ငံရေး အကျိုးဆက်ကြောင့် ဖြစ်နေတဲ့ “ဝ” လိုဟာမျိုးကိုတော့ ကိုယ့်အခြေအနေနဲ့ ဖြစ်နိုင်မဖြစ်နိုင် သေချာစဉ်းစားကြပါ။ အဲတာတော့ ကျွန်တော်တို့အားလုံးကို မေတ္တာရပ်ခံရမှာ။

မဇ္ဈိမ ။       ။ ဟုတ်ကဲ့ဗျ။ နောက်တစ်ခုကလေ အခုကျွန်တော်တို့ ဒီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တိုင်းရင်းသားတွေ ပြောနေကြတယ်ဗျ။ ဒါပေမယ့် ဗမာတိုင်းရင်းသားကို ဗမာပြည်နယ် ဖွဲ့စည်းပေးဖို့ တချို့ကလည်း ဆိုကြတယ်ပေါ့လေ။ အဲဒီအပေါ်မှာရော အန်ကယ် ဘယ်လိုမျိုး နားလည် လက်ခံမိလဲဗျ။ ဒါဖွဲ့စည်းရင် အဆင်ပြေနိုင်လား။ ဘယ်လိုမျိုး အကျိုးဆက်တွေ ဖြစ်လာနိုင်ခြေရှိလဲ။

ဦးကျော်ဝင်း ။        ။ အဲကိစ္စ ပြန်ပြောကြဆိုရင်တော ၁၉၆၀ ပြည့်နှစ်၊၁၉၆၁-၂ ခုနှစ်ပေါ့။ တောင်ကြီး ညီလာခံမှာ ဖြစ်တာပေါ့နော်။ ရှမ်းမူ (ခေါ်) ဖက်ဒရယ်မူပေါ့နော်။ (၈) ပြည်နယ်မူဆိုတာ ပါလာတယ်။ အခုရှိပြီးသား (၇)ပြည်နယ် တိုင်းရင်းသားတွေနဲ့။  ဗမာကလည်း တိုင်း (၇)တိုင်းတော့ မလုပ်နဲ့။ အဲတာကို ပေါင်းလိုက်ပြီး ပြည်နယ်တစ်ခု လုပ်ပါဆိုတဲ့ မူပါ။

အဲတာ ကျွန်တော်တစ်ဦးချင်း သဘောထားပြောပါမယ်။ ဗမာတွေ တော်တော်များများက မကြိုက်ချင်ကြဘူး။ တစ်ခုရှိတယ်နော်။ အဲဒါက အမျိူးသားလွှတ်တော်မှာပဲ ပြောတာ။ ပြည်သူ့လွှတ်တော်တော့ လူဦးရေ ဒီတိုင်းပဲ သွားမှာ။ အဲတော့ အဲဒီကိစ္စက ကျွန်တော်တစ်ဦးချင်းအရ စဉ်းစားကြည့်မယ်ဆိုရင် သိပ်ပြဿနာမရှိဘူးဗျ။ လူမျိုးတိုင်းရဲ့ တန်းတူအခွင့်အရေးအတွက် ဒါပြောတာ။ အဲတော့ ဒါသိပ်ပြဿနာမရှိဘူးလို့ ကျွန်တော်တော့ ထင်တယ်။ ပြီးတော့ ဒါသေတော့ မသေချာဘူး။ ကျွန်တော်တို့လည်း လူကြီးသူမတွေ ပြောသံကြားဖူးတာ။ အဲတာက ဘာလဲဆိုတော့ တိုင်းရင်းသား ခေါင်းဆောင်တစ်ယောက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူတို့က သူငယ်ချင်းတွေ ပေါ့။ အဲဒီမှာ စကားပြောကြတာပေါ့၊ ပြောကြတော့ ဗိုလ်ချုပ်က ကျွန်တော်က ဗမာတစ်ကျပ်၊ ကရင်တစ်ကျပ် ပါပဲ၊ မတရား မလုပ်ပါဘူးဆိုပြီး ပြောတယ်။

အဲမှာ ရယ်ရယ်မောမောနဲ့ကို တိုင်းရင်းသားခေါင်းဆောင်က ပြန်ပြောတယ်တဲ့။ ဟုတ်ပြီ။ အဲ့ဒါဆို ဗိုလ်ချုပ် အိတ်ထဲမှာ တစ်ကျပ် ရသွားရင် ကျွန်တော့် အိတ်ထဲမှာလည်း တစ်ကျပ်ရသွားပြီ၊ အိုကေပဲ။ ဒါပေမယ့် ကချင်နဲ့ တွေ့ရင်လည်း ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်၊ ဗိုလ်ချုပ်အိတ်ထဲမှာ နှစ်ကျပ်ရသွားပြီ။ ကချင်ကတော့ တစ်ကျပ် ပဲ ရသေးတယ်။ အလားတူပဲ ချင်းနဲ့တွေ့ရင်လည်း ချင်းတစ်ကျပ်၊ ဗမာတစ်ကျပ်နှုန်းပဲ။ အဲဒီလိုနဲ့ နောက်ဆုံး ဗိုလ်ချုပ် ရှစ်ကျပ်ရ သွားမယ်။ ကျွန်တော်က တစ်ကျပ်ပဲဆိုပြီး ရယ်မောပြောဖူးတယ်။

အဲဒီက လာတာလည်း ဖြစ်ချင်ဖြစ်မယ်။ အဲတော့ အဲတာတွေ ဖြစ်သင့်၊ မဖြစ်သင့်ကတော့ ပြန်စဉ်းစားကြပေါ့။ သေချာတာကတော့ အဲဒီတောင်းဆိုချက်က အစိုးရ ပြည်နယ်ကို တိုင်းဒေသကြီး (၇)ခု ကွဲမနေဘဲ တိုင်းဒေသ ကြီး တစ်ခုတည်း လုပ်ဖို့ပဲ ပြောတယ်၊ ဒါတစ်ခုပဲ ရှိပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ လူဦးရေက ပုံမှန်ပဲ။ အဲတော့ ပြည်သူ့လွှတ်တော် လူဦးရေက သွားတာကတော့ ဒီတိုင်းသွားမှာပဲ။

လူဦးရေအရ ပြောရင်တော့ ဗမာအများစုပဲပေါ့။ တချို့ကလည်း ပြောတာရှိတယ်။ ဒီမိုကရေစီဆိုတာ အများစု ဆန္ဒပဲတဲ့။ အဲဒီတော့ ဗမာအများစုကို တစ်စုတည်းပေးတာ မဟုတ်ဘူး။ အဲတာက မဆိုင်ပါဘူး။ အဲ့တာက တကယ်တန်း ပြောလို့ရှိရင် အမျိုးသားလွှတ်တော်နဲ့ဆိုင်တာပါ။ ပြည်သူ့လွှတ်တော်တော့ လူဦးရေနဲ့ သွားမှာပဲ။

အဲတော့ သူတို့ပြောနေကြ စကားကို ပြန်ပြောကြရင်တော့ ဒီမိုကရေစီဆိုတာ အများစု အုပ်ချုပ်ရေး မငြင်းပါဘူး။ ဒါပေမယ့် အများစု အုပ်ချုပ်ရေးကို ဒီတိုင်းသွားရင် အနည်းစု အခွင့်အရေးတွေ ထိပါးလာနိုင်တဲ့ အန္တရာယ်ရှိ တယ်။ ဒါဆို အာဏာရှင် စနစ်ဖြစ်သွားမှာ။ အဲဒီတော့ ဘာနဲ့ ပြန်ထိန်းရလဲဆိုတော့ ဒီမိုကရေစီကို ဖက်ဒရယ်နဲ့ ပြန်ထိန်းရတယ်။ ဖက်ဒရယ်ရဲ့ အဓိကက အထက်လွှတ်တော်၊ အထက်လွှတ်တော်ဆိုတာ အမျိုးသား လွှတ်တော်ပေါ့။

အဲ့ဒါက ပြည်နယ်တိုင်းရဲ့ တူညီတဲ့ အခွင့်အရေးနဲ့ ရွေးတာ။ ပြည်နယ်တိုင်းက တူညီတဲ့ ကိုယ်စားလှယ် အရေ အတွက် ရရမယ်ဆိုတဲ့ မူနဲ့သွားတာ။ အောက်လွှတ်တော်(ပြည်သူ့လွှတ်တော်)ကတော့ လူဦးရေနဲ့ ရွေးတာ။ ဒီနှစ်ခုက ပေါင်းစပ်ထားရမှာ။ ပေါင်းစပ်ထားမှလည်း တကယ့်ဒီမိုကရေစီဖြစ်မှာပေါ့။ ဒါကြောင့် ကျွန်တော်တို့ ကြွေးကြော်တာကိုက ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုတာနဲ့ သွားတာပေါ့။

မဇ္ဈိမ ။          ။ ဟုတ်ကဲ့ဗျ အန်ကယ်။ အခုပေါ့လေ ကျွန်တော်တို့ နိုင်ငံမှာ အမျိုးမျိူး ကွဲပြားနေတဲ့ အယူအဆတွေကို ဒီဘုံသဘောတူညီချက် အနေနဲ့ လုပ်နေတယ်ပေါ့နော်။ အဲဒါကို ဖက်ဒရယ်လစ်ဇင်လို့ ပြောကြတယ်ပေါ့။ အဲဒီလိုမျိုး ဖက်ဒရယ်လစ်ဇင်ကို ဘုံသဘောတူညီချက် အနေနဲ့ ချဉ်းကပ်တဲ့အခါမှာ ကျွန်တော်တို့ မတူတာတစ်ခု သွားတွေ့တယ်ဗျ။ အဲ့တာက ဘာလဲဆိုတော့ ဥပမာ တိုင်းရင်းသား လက်နက် ကိုင် တွေက အတူယှဉ်တွဲနေထိုင်သည့် ဖက်ဒရယ်လစ်ဇင်(Coming Together Federalism) ပေါ့။ ဒါပေမယ့် တပ်မတော်နဲ့ အစိုးရဘက်က သူတို့ပြောတာက အတူတကွ ပေါင်းစည်းတဲ့ ဖယ်ဒရယ်လစ်ဇင်(Holding Together Federalism) လို့ ပြောကြတယ်ဗျ။ ဒီပေါ်မှာ မတူညီဘူး ဖြစ်နေတယ်။ အဲပေါ်မှာရော ဘယ်လို ချဉ်းကပ်သင့် လဲဗျ။

ဦးကျော်ဝင်း ။          ။ ကျွန်တော်တို့ နှစ်မျိုး စဉ်းစားစေချင်တယ်။ ပထမတစ်ခုက Coming Together လား။ Holding Together လား၊ ငြင်းမနေနဲ့။ ငြင်းနေရင် ဘယ်တော့မှဆုံးမှာ မဟုတ်ဘူး၊ မငြင်းနဲ့။ ဘာနဲ့ပဲ သွားမလဲ ၂ဝဝ၈ အခြေခံဥပဒေနဲ့ သွားနိုင်တယ်။ ၂ဝဝ၈ အခြေခံဥပဒေလို့ ပြောလိုက်ရင် တပ်က ငြင်းရခက်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ရေးတဲ့သူက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရေးထားတာ၊ ငြင်းရခက်တယ်။ ပြီးတော့ တစ်ချက် ပြန်ကြည့်ရင် ၂ဝဝ၈ ဟာ ပုံသဏ္ဍာန်အရ ဖက်ဒရယ်လို့ ပြောမယ်ဆို ပြောလို့ ရတယ်။ အနှစ်သာရ အရတော့ မဟုတ်ဘူးနော်၊ ပုံသဏ္ဍာန်အရ ပြောတာ၊ ပုံသဏ္ဍာန်အရ ဖက်ဒရယ်ဖြစ်နေပြီ။ အဲဒီထဲကို အနှစ်သာရကျမယ့် သုံးချက်ဖြည့်လိုက်မယ်။ ဘာတွေလဲဆိုတော့ အမျိုးသားတန်းတူရေး ဖြည့်မယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ နောက် တစ်ခါ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အဲဒီ သုံးချက်ဖြည့်လိုက်မယ်။ အနှစ်သာရအရ ၂ဝဝ၈ ထဲကို ဒီသုံးချက်ဖြည့်လိုက်ရင် အဲဒါက အော်တိုမစ်တစ် ပါးစပ်က ပြောစရာမလိုတဲ့ Coming Together ဖြစ်သွားမယ်။ တိုင်းရင်းသားတွေ လိုလားတဲ့ Coming Together ဖြစ်သွားမယ်။

 အဲဒီတော့ ကျွန်တော်တိုင်းရင်းသားတွေကို အကြံပြုချင်တာက Coming တွေ၊ Holding တွေ သိပ် အရမ်း ငြင်း မနေနဲ့၊ ၂ဝဝ၈ အခြေခံပဲလို့ ပြောပြီးတော့ ကိုယ်လိုတာကို ရအောင်လုပ်ပါ၊ ဒီနည်းနဲ့သွားလို့လဲ တစ်ခုရတယ်။ ဒါပေမယ့် ဒီနည်းက ကျွန်တော် ဒီလိုထည့်ပြောရတာ မကောင်းဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်က သိသွားလို့ရှိရင် သူခိုးလမ်းပြ ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ ကျွန်တော် သိပ်မပြောချင်ဘူး။ ဒါ့ကြောင့် တိုးတိုး တိတ်တိတ် ပြောတာတော့ ကြာပြီ။ ဘယ်သူမှ နားမထောင်လို့ မထူးဘူး ပေါ်တင်ပြောလိုက်တာ။

ဒုတိယအနေနဲ့ စဉ်းစားရရင် ဒါခဏ တစ်နည်း။ ဒုတိယနည်းကတော့ နှစ်မျိုးပေါ့။ ဘာလဲဆိုရင် ဒီတိုင်းဆိုရင် လွယ်လွယ်ပြောကြတော့ဗျာ။ Holding Together ကတော့ အိန္ဒိယပုံစံ။ အိန္ဒိယလောက်ရရင်ကို ကျွန်တော်တို့ သိပ်မဆိုးဘူး။ Coming Together က အမေရိကန်ပုံစံ။ အမေရိကန်ပုံစံကတော့ တိုင်းရင်းသားတွေ လိုချင်တာ မှန်တယ်။ အဲတာက ကိုယ်ရဲ့ ရှေရှည် မျှော်လင့်ချက်ပေါ့ဗျာ။ လောလောဆယ်တော့ မရနိုင်ဘူး။ လောလော ဆယ် အိန္ဒိယလောက်ရရင် ယူထားလိုက်။ ပြီးတော့မှ တဖြည်းဖြည်းနဲ့ Holding ကို Coming လုပ်။ အိန္ဒိယကို ရအောင်ယူ။ ရပြီးမှ နောက်တဆင့် အမေရိကန်ပုံစံမျိုးသွား။

အဲဒီလို Step by Step သူတို့ စဉ်းစားရင်တော့ မဆိုးဘူး။ အဲဒါဆိုတော့ သိပ်ပြီးတော့လည်း ညှိစရာ မလိုဘူး။ ညှိစရာ မလိုဘူးဆိုတာကိုက အစိုးရနဲ့ စစ်တပ်က အိန္ဒိယပုံစံတော့ ပေးမယ်။ ဒီလိုလာတာပေါ့။ ဆိုတော့ အဲတာက Step by Step သွားတာပေါ့။ ဒါတစ်ချက်။ နှစ်မျိုးတော့ရှိတယ်။ အဲတော့ အဆင်ပြေတဲ့ဟာ တစ်ခုခု လုပ်ကြပေါ့။ ကျွန်တော်လည်း ဉာဏ်မှီသလောက် စဉ်းစားကြည့်တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အငြင်းပွား မနေစေချင်ဘူး။

မဇ္ဈိမ ။          ။ ဟုတ်ကဲ့ ဒါဆိုရင် နောက်တစ်ခု သိချင်တာပေါ့နော်။ လက်ရှိ မြန်မာ့နိုင်ငံရေးကို ဖြေရှင်း နေကြတာပေါ့နော်။ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် ဖြေရှင်းနေတာ။ ဒါပေမယ့် နောက်ပိုင်းလူတွေက ပြောလာကြတယ်။ ခေါင်းဆောင်တစ်ယောက်ပြောတဲ့ဟာကို အွန်လိုင်းပေါ်မှာ ပြန်ပြောလာကြတာလည်း ရှိ တယ်။ အပြင်မှာလည်း ပြောနေတာရှိတယ်။ အဲ့ဒါ ဘာလဲဆိုတော့ မြန်မာ့ နိုင်ငံရေးကို ဒီမဲပုံးတွေက အဆုံး အဖြတ် မပေးဘူးပေါ့နော်။ ဒီလက်နက်ကိုင်ကိစ္စတွေကပဲ အဆုံးအဖြတ် ပေးမယ်လို့ ပြောတယ်။ အဲ့ဒါက ဘယ်လောက် လက်တွေ့ကျမလဲဗျ။ ကျွန်တော်တို့ လက်နက်ကိုင်ကိစ္စနဲ့ ဖြေရှင်းဖို့လုပ်တာ နှစ်ပေါင်း ၇ဝ ကျော်သွားပြီ။ အကျိုးဆက်ကလည်း တော်တော်ဆုတ်ယုတ်နေပြီ။ အန်ကယ် ဘယ်လိုနားလည်မိလဲဗျ။

ဦးကျော်ဝင်း ။         ။ အဲတာက ဗိုလ်ချုပ်တို့သေပြီး နောက်တစ်ရက် သတင်းစာ အင်တာဗျုးမှာ ဒေါက်တာ ဘမော် ပြောတဲ့ စကားတွေပေါ့။ ဒါလည်းလူတိုင်းသိပါတယ်။ တကယ်လည်း မှန်နေတာကိုး။ သူပြောခဲ့တဲ့ စကားကတော့ ဗမာလူငယ်တွေကတဲ့ လက်နက်ကို အရူးအမူး စွဲလန်းသွားပြီ။ နောင်တစ်ချိန်မှာ ဗမာ့နိုင်ငံရေးကို မဲရုံတွေက မဆုံးဖြတ်ဘဲနဲ့ သေနတ်တွေက ဆုံးဖြတ်သွားလိမ့်မယ်။ လက်တွေ့ဒီတိုင်းဖြစ်တာပဲ။ လက်တွေ့ ဒီတိုင်းကို ဖြစ်သွားခဲ့တာ။ အခုချိန်အထိလည်း ဖြစ်နေဆဲပဲ။

အဲတော့ အဲဒါ ဒီမိုကရေစီ မဟုတ်ဘူး။ သေနတ်နဲ့ ဆုံးဖြတ်တာ ဒီမိုကရေစီဟုတ်ကို မဟုတ်ဘူး။ တကယ် ဒီမိုကရေစီ ဖြစ်ဖို့ဆိုရင် သေနတ်နဲ့ ဆုံးဖြတ်တဲ့ စစ်ဘောင်ကို တတ်နိုင်သလောက်ချုံ့ပေးရတယ်။ မဲနဲ့ ဆုံးဖြတ် တဲ့ ဒီမိုကရေစီကို ချဲ့သွားရမှာ။ အဲ့ဒါ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပဲ။ ကျွန်တော်တို့ ဒီတိုင်းသွားမှ ရမှာ။ အခုထိ ကတော့ ခင်ဗျား ခဏပြောတဲ့အတိုင်းပဲ ဖြစ်နေတာ။ ဒေါက်တာဘမော်လည်း အခုလောက်ဆိုရင် အရိုးတောင် ဆွေးသွားလောက်ပြီ။ သူပြောတဲ့ စကားကတော့ မှန်တုန်းပဲ။ မှန်တာမှ သွေးထွက်အောင် မှန်တယ်လို့ ပြောရ မှာပဲ။

မဇ္ဈိမ ။           ။ ဟုတ်ကဲ့အန်ကယ်။ နောက်ဆုံး ကျွန်တော်သိချင်တာပေါ့လေ။ ကျွန်တော်တို့ နိုင်ငံရဲ့ တော်လှန်ရေးက ဘယ်ကာလမှာ ပြီးဆုံးမလဲဆိုတဲ့ မေးခွန်းပေါ့နော်။ အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီးတော့လည်း တော်တော်များများက ဘယ်သူ့မှ တိတိကျကျ ဖြေနိုင်မှာလည်း မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် မိဘတစ်ဦးက ပြောလာတယ်ပေါ့လေ။ ဥပမာ နင်တို့ တော်လှန်ရေးက ဘယ်တော့ပြီးမှာလဲပေါ့။ ငါတို့ ကျစရာ မျက်ရည် မရှိတော့မှ ပြီးမှာလား၊ ဒါမှမဟုတ် ငါတို့မှာ သားသမီးတွေ မရှိတော့မှ ပြီးမှာလားဆိုတဲ့ မေးခွန်းပေါ့။ အဲဒီ အဖြေဆိုရင် ဘယ်လိုရှိမလဲ။

ဦးကျော်ဝင်း  ။           ။ အဲတော့ အဲဒါနဲ့ပတ်သက်ပြီး ပြောရရင်တော့ စောစောက ပြောတဲ့ထဲ ပါသလောက် တော့ ပါပြီးပြီ။ တက်လာတဲ့ အစိုးရတိုင်း လက်ရှိ တပ်မတော်၊ အစိုးရနဲ့ တပ်မတော်ဟာ တိုင်းရင်းသားတွေရဲ့ ပင်လုံ ကတိကဝတ်ကို ဖြည့်စွမ်းပေးနိုင်ရမယ်။ နောက်တက်လာတဲ့ အစိုးရတိုင်းဟာ တပ်နဲ့ ရန်ဖြစ်နေလို့ မရ ဘူး။ ဒီနေရာမှာ အရေးကြီးတာက စစ်အာဏာရှင်စနစ်နဲ့ တပ်မတော်ကို ခွဲခြားမြင်ဖို့ လိုတယ်။ ခွဲရတော့ ခက်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော် ခေါင်းဆောင်တွေ ကိုယ်တိုင်က စစ်အာဏာရှင်စနစ်ကို တစ်ချိန်က အသက် သွင်းဖူးလို့ ခွဲရတော့ ခက်မယ်။ ဒါပေမယ့် တတ်နိုင်သလောက် ကြိုးစားခွဲရမယ်။

ဆိုလိုတာက တပ်မတော်နဲ့ စစ်အာဏာရှင်စနစ်တို့ ခွဲခွဲခြားခြားမြင်ဖို့ လိုတယ်။ နောက်တစ်ခုက ငါနဲ့ မတူ၊ ငါ့ ရန်သူဆိုတဲ့ အစွဲတွေ ချွတ်ဖို့ လိုတယ်။ အဲတာ သိပ်များတယ်။ ဘယ်အစိုးရတက်တက် ဒီတိုင်းပဲ။ ဥပမာလေး တစ်ခုပြောအုန်းမယ်။ ဒေါ်သက်သက်ခိုင်တို့ပွဲ သူတို့ဖိတ်လို့ ကျွန်တော်သွားတက်တယ်။ သူတို့ ဘာပြောလဲ ဆိုတော့ ပရိုဂရန်မက်တစ်ပါတီ လမ်းကြောင်းတွေနဲ့ သွားမယ်ဆိုတော့။ ကျွန်တော်သဘောကျတယ်။ မြန်မာ ပြည်မှာ မရှိသေးဘူးလေ၊ ပရိုဂရမ်မက်တစ်ပါတီဆိုတာက။

ဒါ့ကြောင့် လာခြင်းကောင်းတဲ့ ပီသုံးလုံးဆိုပြီး ကျွန်တော်ဆောင်းပါးလေး တစ်ပုဒ်ရေးတယ်။ ဝိုင်းဆဲတာလေ NLD လော်ဘီတွေပဲ ကျွန်တော်သိတယ်။ ဘယ်လောက်ထိ မိုက်ရိုင်းလဲဆိုတော့ ကျွန်တော် ပိုက်ဆံရလို့ ရေးတယ် ပြောတယ်။ ပိုက်ဆံနောက်သာ လိုက်ခဲ့ရင် ကျွန်တော်ဒီဘဝတောင် မရောက်ဘူး။ ထားပါတော့လေ။ ဒါတွေက ပုဂ္ဂိုလ်ရေးတွေ ပါကုန်ပြီ။ အဲ့လောက်တောင် အောက်တန်းကျတယ် ဒီတိုင်းပြည်မှာ။
ဆိုလိုတာက ငါနဲ့မတူ ငါ့ရန်သူလို့ သဘောမထားပါနဲ့။ တက်လာတဲ့ အစိုးရတွေရော၊ တိုင်းရင်းသားတွေရော၊ ပြည်သူလူထုရော၊ စစ်တပ်ရော ဒီသုံးချက်ခေါင်းထဲထည့်နိုင်ရင် ပြီးပါတယ်။ ဒီနေ့ ထည့်နိုင်ရင် ဒီနေ့ပြီးတယ်ဗျာ။ သိပ်အကြာကြီးမစောင့်ရတော့ဘူး။ ကျန်တာတွေကတော့ ထားလိုက်ပါတော့။ ဖြစ်ပျက်နေတာတွေကို စိတ်ပျက် ပြီး မိဘတစ်ယောက်က ပြောတာဖြစ်ပါလိမ့်မယ်။

အစောကြီးကတည်းက ရန်ကုန်ဘဆွေကြီးကတော့ ရေးဖူးတယ်၊ ရွှေဝါပြည်ဆိုပြီးတော့။ ခင်ဗျားတို့လည်း ဖတ်ဖူးမယ်ထင်တယ်။ နောက်ဆုံး ဘင်္ဂလားပင်လယ်အော်ကြီးထဲ ရောက်သွားမှ ဇာတ်သိမ်းသွားတယ်။ ရွှေဝါပြည်ကတော့ အဲလို ဇာတ်သိမ်းထားတာပေါ့။ ဟိုကျွန်တော်တို့ တောထဲမှာ ရွာကလူတွေ ဟာသ ပြောကြ တယ်။ ဘာပြောတုန်းဆိုတော့ ဗကပတွေပေါ့ဗျာ။ လှည်းနဲ့ပို့ရတာပေါ့။

သူက နွားကို ရိုက်ရင်းနဲ့ ပြောတယ်။ ရုန်းလိုက်စမ်း ငါ့သားကြီး။ မင်းလည်း ဟင်းအိုးထဲ ရောက်မှာပဲ။ ငါလည်း သေမှာပဲ။ တစ်ခါလှည်းလည်း မင်းလည်း ထင်းဖြစ်မှာပဲ၊ ငါတို့လည်း သေမှာပဲ။ ဒါမှ တော်လှန်ရေးက ပြီးမှာ ဆိုပြီး။ အဲတာတော့ တောထဲမှာတော့ ကျွန်တော်တို့ ဟာသပြောနေကြပေါ့။ အဲလိုပြောကြတာလည်း ရှိတယ်။ ရန်ကုန်ဘဆွေရဲ့ဟာကတော့ ဘင်္ဂလာပင်လယ်အော်ထဲရောက်မှ ဇာတ်သိမ်းသွားတယ်ပေါ့။ အဲတာမျိုးတွေ တော့ မဖြစ်စေချင်ဘူးပေါ့။ အဲလိုမဖြစ်ဖို့ကတော့ ခဏပြောတဲ့ သုံးချက်က ကျွန်တော်တို့ ထိန်းနိုင်ဖို့ လိုတယ်။ ကိုယ်က စထိန်းကြမှ ရမယ်။

မဇ္ဈိမ ။          ။ ဟုတ်ကဲ့ပါ အန်ကယ်။ အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဦးကျော်ဝင်း  ။        ။ ကျေးဇူးပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required