တရုတ်၏ ဒုံးကျည်များကို ထိတ်လန့်ပူပန်ခြင်း အလျင်းမရှိဟု အမေရိကန်ရေတပ် ပြော

By Business Insider
07 July 2020
တရုတ်၏ ဒုံးကျည်များကို ထိတ်လန့်ပူပန်ခြင်း အလျင်းမရှိဟု အမေရိကန်ရေတပ် ပြော

ဇူလိုင် ၇

အမေရိကန်ရေတပ်သည် အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်သို့ လေယာဉ်တင်သင်္ဘောနှစ်စင်းပါ တိုက်ခိုက်ရေးတပ်ဖွဲ့အုပ်စုများကို စေလွှတ်ထားချိန် တရုတ်၏ ဒုံးကျည်ရန်အပေါ် ပူပင်တုန်လှုပ်နေခြင်း မရှိကြောင်း ထုတ်ဖော်သွားခဲ့သည်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောများ ရောက်ရှိနေခြင်းအပေါ် တရုတ်က သဘောမတွေ့ဘဲ ဖြစ်နေခဲ့ချိန် လေယာဉ်တင်သင်္ဘောများကို သင်္ဘောဖျက်ဒုံးလက်နက်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်းနှင့်ပတ်သက်၍လည်း တရုတ်မီဒီယာက ကြွားလုံးထုတ်ခဲ့သည်။

ယင်းနောက် တရုတ်၏ လက်နက်များက မိမိတို့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ကြောင်း နှင့် တောင်တရုတ်ပင်လယ်ပြင်ကနေ လေယာဉ်တင် သင်္ဘောများ ပြန်လည်ထွက်ခွာရန် အစီအစဉ်မရှိကြောင်း အမေရိကန် ရေတပ်က ဇူလိုင် ၅ ရက်တွင် တုံ့ပြန်ထုတ်ပြန်သွားခဲ့သည်။

အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောများဖြစ်သည့် Nimitz နှင့် Ronald Reagen တို့ ဦးဆောင်သော တိုက်ခိုက်ရေးတပ်ဖွဲ့စုသည် အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေလျက် ရှိသည်။

ယခုမတိုင်မီ အမေရိကန်ရေတပ်က အဆိုပါ ပင်လယ်ပြင်တွင် လေယာဉ်တင်သင်္ဘောနှစ်စင်းဖြင့် လည်ပတ်လုပ်ဆောင်မှုကို ပြီးခဲ့သည့် ခြောက်နှစ်ကြာနီးပါးက နောက်ဆုံးလုပ်ဆောင်ထားခဲ့ခြင်း ဖြစ်သည်။

ပူးပေါင်းလုပ်ဆောင်မှုများအတွင်း လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ လေ့ကျင့်မှုများ၊ နည်းဗျူဟာ အကွက်ဆင်မှုဆိုင်ရာ လေ့ကျင့်မှုများ၊ တကယ့်စစ်မြေပြင်ပုံစံအတိုင်း တာဝေး ပင်လယ်ရေကြောင်း တိုက်ခိုက်မှု လေ့ကျင့်မှု များနှင့် ဝေဟင်နှင့်ပင်လယ်ပြင် ညှိနှိုင်းပေါင်းစပ် လေ့ကျင့်မှုများ ပါဝင်ပြီး တိုက်ခိုက်ရေးပိုင်း အသင့်ဖြစ်မှုနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ သာလွန်မှုကို ထိန်းထားနိုင်ရန် ရည်ရွယ်ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန် သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်တွင်လည်း လူဝီစီးယားနားမှ B-52 Stratofortress ဗုံးကြဲလေယာဉ်တစ်စင်းလည်း ပေါင်းစပ် စစ်ရေးလေ့ကျင့်မှုများအတွက် လေယာဉ်တင်သင်္ဘောများနှင့်လာရောက် ချိတ်ဆက်ပူးပေါင်း ခဲ့ကြောင်း သိရသည်။

အမေရိကန်သည် အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်တွင် မတည်မငြိမ်မှုများဖြစ်စေရန် လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စွပ်စွဲထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required