ရန်ကုန်ဘူတာကြီးမှ တက္ကစီဖြင့်အိမ်ပြန်သွားသည့် အမျိုးသမီးအား ကွာရန်တင်း စင်တာသို့ပို့ဆောင် 

ရန်ကုန်ဘူတာကြီးမှ တက္ကစီဖြင့်အိမ်ပြန်သွားသည့် အမျိုးသမီးအား ကွာရန်တင်း စင်တာသို့ပို့ဆောင် 
Photo - Kyaw Soe Naing(Fb)

ဇူလိုင် ၇

တရုတ်နိုင်ငံမှပြန်လာသည့် အမျိုးသမီးတစ်ဦးသည် ဇူလိုင် ၆ရက်နေ့ နံနက်ပိုင်းက ကွာရန်တင်းဝင်ရမည့်နေရာသို့မသွားဘဲ ရန်ကုန်ဘူတာကြီးမှ တက္ကစီဌားကာ အိမ်ပြန်သွားသဖြင့် ရွှေပေါက်ကံမြို့အဝင်မှစောင့်ဆိုင်းကာ ကွာရန်တင်းစင်တာသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

 မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက်ကံမြို့အုပ်ချုပ်ရေးမှူးဦးသောင်းလွင်က "မနေ့က ကျွန်တော်တို့က တရုတ်ကပြန်လာတဲ့ကလေးတွေကို ရန်ကုန်ဘူတာကြီးကနေသွားကြိုရတယ်။ ညကတည်းက တိုင်းကျန်းမာရေးကနေ ဘယ်မြို့နယ်က လူက ဘယ်မှာပါတယ် ဘယ်နေရာမှာကြိုပါဆိုရင်ကျွန်တော်တို့က သွားကြိုပြီးတော့ ကွာရန်တင်းဝင်တဲ့ဆီကို ပို့ပေးရတယ်။ “ဟုဆိုသည်။

‘ ကျွန်တော်တို့ကဘယ်ရပ်ကွက်က ဘယ်သူဘာညာဆိုတာကို စာရင်းပြုစုနေတဲ့ အချိန်မှာ အဲ့ကလေးမလေးကပြန်လာတယ်။သူ့အဒေါ်နဲ့ပြန်လာတာ။ ကျွန်တော်တို့ကို အကြောင်းမကြားဘဲ သူကပြန်သွားတော့ ကျွန်တော်တို့က လိုက်ရှာရတယ်။ လိုက်ရှာတော့ တက္ကစီစီးပြီး ရွှေပေါက်ကံပြန်တယ်ဆိုတော့ ရွှေပေါက်ကံကနေစောင့်ပြီးတော့သူ့ကိုကြိုပြီး လူနာတင်ယာဉ်နဲ့ ကွာရန်တင်းဝင်ရမယ့် အမရာဆောင်ကို လိုက်ပို့ခဲ့ပါ တယ်"ဟုသူကဆက် ပြောသည်။

တရုတ်ပြည်နယ်စပ်ဝင်ပေါက်ကနေပြန်လာသူများအားမန္တလေး-ရန်ကုန် မီးရထားဖြင့် ရန်ကုန်ဘူတာကြီးမှတစ်ဆင့် ကွာရန်တင်းစင်တာသို့သွားရမည့်အစားထိုအမျိုးသမီးသည် နေအိမ်သို့တန်းပြန်လာရာရွှေပေါက်ကံမြို့ အဝင်အထွက်တွင်ပိတ်၍ စောင့်ဆိုင်းကာ ၎င်း၏အိမ်သို့မရောက်ပဲ မြို့အဝင်၌ပင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်၆ရက်နေ့က မန္တလေး-ရန်ကုန် မီးရထားဖြင့် ကွာရတင်းဝင်ရန်ပို့ဆောင်သူ ၁၃ ဦးအနက် မြောက်ဥက္ကလာပမြို့နယ်တွင်  နေထိုင်သူလေးဦးပါဝင်သည်။

ထိုအမျိုးသမီးအားရန်ကုန်ဘူတာကြီးမှခေါ်ဆောင်လာသောအဒေါ်ဖြစ်သူအား ၎င်း၏နေအိမ်တွင် ကွာရန်တင်း ၁၄ရက်ထားရှိထားကြောင်း သိရသည်။

ဦးသောင်းလွင်က"သူ့အဒေါ်ခေါ်တဲ့အတွက် သူ့အဒေါ်ကို ၁၄ရက် အိမ်ထဲက ဘယ်မှမထွက်ပါနဲ့။ တက္ကစီမောင်းတဲ့ဒါရိုက်ဘာကလည်း တကယ်စနစ်ကျပါတယ်။ သူက သူ့ကားကို ဆေးဖြန်းတယ်။ ခင်ဗျားလည်း ဘယ်မှမသွားပဲအိမ်မှာပဲနေပါဆိုပြီး လိပ်စာတွေဘာတွေ ယူထားလိုက်တယ်။"ဟု ဆိုသည်။

ကွာရန်တင်းဝင်ရမည့်နေရာသို့မသွားဘဲ အိမ်သို့ ခိုးပြန်ကြသည်များအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ ဒေသန္တရအမိန့်များဖြင့်အရေးယူမှုများရှိခဲ့သော်လည်း ယခုအမျိုးသမီးသည် ထွက်ပြေးခြင်းမဟုတ်ဘဲ မသိလို့ပြန်ခဲ့ခြင်းဖြစ်သောကြောင့်အရေးယူရန်မရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly