တရုတ်က နိုင်ငံရေးဆိုင်ရာ ထိန်းသိမ်းကြပ်မတ်မှု အထူးလုပ်ငန်းအဖွဲ့ စတင်ဖွဲ့စည်းဆောင်ရွက်

တရုတ်က နိုင်ငံရေးဆိုင်ရာ ထိန်းသိမ်းကြပ်မတ်မှု အထူးလုပ်ငန်းအဖွဲ့ စတင်ဖွဲ့စည်းဆောင်ရွက်

ဇူလိုင် ၇

တရုတ်အာဏာပိုင်တို့သည် နိုင်ငံတွင် လူမှုဆိုင်ရာ တည်ငြိမ်မှုကို ထိန်းထားနိုင်ရန်အလို့ငှာ နိုင်ငံရေး စည်းမျဉ်းထိန်းသိမ်းကြပ်မတ်မှုပိုင်း အရှိန်မြှင့်လုပ်ဆောင်မည့် အထူးလုပ်ငန်းအဖွဲ့တစ်ခုကို စတင်ဖွဲ့စည်းဆောင်ရွက်ထား ကြောင်း Procuratorial Daily သတင်းစာက ဖော်ပြသည်။

ယင်းသည် ဟောင်ကောင်ရှိ ဆန္ဒပြမှုများနှင့် ကိုရိုနာဗိုင်းရပ်စ်အရေး ပေကျင်းအစိုးရ၏ ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သက်၍ အမြင်သဘောထားကွဲလွဲမှုများကို ထိန်းချုပ်ရန် ရည်ရွယ်သည့် တရုတ်အစိုးရ၏ နောက်ထပ် လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်သည်။

နိုင်ငံတွင်း စိမ့်ဝင်ထိုးဖောက်မှု၊ ပြိုကွဲအောင် ဖြိုဖျက်မှု၊ အဖျက်အမှောင့် လုပ်ငန်းဆောင်ရွက်မှု၊ အကြမ်းဖက်မှု လုပ်ဆောင်ချက်များ၊ လူမျိုးစု ခွဲထွက်ရေး လှုပ်ရှားလုပ်ဆောင်မှုများနှင့် အစွန်းရောက် ဘာသာရေး လုပ်ဆောင်ချက်များ စသည့် အမျိုးအစားအားလုံးအပေါ် ယခု အထူးလုပ်ငန်းအဖွဲ့က ဖြိုခွင်းနှိမ်နင်းသွားနိုင်ကြောင်း ဇူလိုင် ၆ ရက် သတင်းစာတွင် ဖော်ပြထားသည့် အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေး၏ ရက်စွဲတပ်မထား သည့် မှတ်ချက်များအရ သိရသည်။

တရုတ် အာဏာရ ကွန်မြူနစ်ပါတီနှင့် သမ္မတ ရှီကျင့်ဖျင်ကို ပြောင်ပြောင်တင်းတင်း ဝေဖန်ထားခဲ့သူတစ်ဦးဖြစ်သည့် ပေကျင်း ဥပဒေ ပါမောက္ခတစ်ဦးကို အာဏာပိုင်များက ခေါ်ဆောင်သွားသည့် ဖြစ်ရပ် ပေါ်ပေါက်ခဲ့သော နေ့တစ်နေ့တည်းမှာပင် အဆိုပါ အထူးလုပ်ငန်းအဖွဲ့၏ သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

အထူးလုပ်ငန်းအဖွဲ့၏ အဓိက တာဝန်ဝတ္တရားက တရုတ်၏ နိုင်ငံရေးစနစ်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်ဟု သိရသည်။

“နိုင်ငံရေးဆိုင်ရာ လုံခြုံမှု ရှိခြင်းက အမျိုးသားလုံခြုံရေးနဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာနဲ့ ဆက်နွယ်နေပါတယ်” ဟု သတင်းစာပါ မှတ်ချက်များအရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်မှုနှင့်ပတ်သက်၍လည်း နိုင်ငံတွင် တည်ငြိမ်သော နိုင်ငံရေး အခြေအနေတစ်ခုကို ထိန်းသိမ်းထားနိုင်မှသာလျင် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများ၏ ဘေးကင်းလုံခြုံမှုအတွက် ကာကွယ်စောင့် ရှောက်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းစာပါ မှတ်ချက်များတွင် ပြောထားသည်။

ယခု အထူးလုပ်ငန်းအဖွဲ့သည် ပြီးခဲ့သည့် ဧပြီလက တရားဥပဒေစိုးမိုးရေးဆိုင်ရာ တရုတ် ထိပ်တန်းအရာရှိကြီးတစ်ဦးဖြစ်သည့် ကော် ရှန်ကွန် ဦးဆောင်ဖွဲ့စည်းခဲ့သည့် “ငြိမ်းချမ်းသော တရုတ်နိုင်ငံ တည်ဆောက်ခြင်း” ညှိနှိုင်းဆောင်ရွက်မှုအဖွဲ့၏ တစိတ်တဒေသဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required