YBS 90စီးခဲ့သော လူနာအမှတ် ၃၁၁ နှင့်ထိတွေ့သူများအားဆက်လက်ရှာဖွေနေ

YBS 90စီးခဲ့သော လူနာအမှတ် ၃၁၁ နှင့်ထိတွေ့သူများအားဆက်လက်ရှာဖွေနေ

ဇူလိုင် ၆ရက်

ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၄ရက်နေ့ထုတ်ပြန်ချက်အရ COVID-19 ‌ရောဂါကူးစက်ခံထားရသူများအနက် အသက် ၄၃နှစ်အရွယ် အတည်ပြုလူနာအမှတ် ၃၁၁သည် လာအိုနိုင်ငံမှ ပြန်လာချိန်ကွာရန်တင်းစင်တာသို့ မသွားဘဲ YBS 90စီးကာ ၎င်းနေထိုင်သည့် တိုက်ကြီးမြို့နယ်ရှိရွာသို့ ပြန်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက " ရွာကိုတော့ မဝင်လိုက်ရဘူး။ ရွာကိုမရောက်ခင် အဖျောက်မြို့ကနေ ရွာထဲကို ဝင်ဖို့အတွက် လမ်းခွဲလေးရှိတယ်။ အဲ့ဒီကိုရောက်တဲ့အချိန်မှာပဲ အချိန်မှီတားနိုင်ခဲ့တာပေါ့"ဟု ဆိုသည်။

ထိုလူနာသည် ဇွန် ၂၄ရက်နေ့က  ရွှေတြိဂံနယ်မြေ လာအိုနိုင်ငံ ဘော်ကရောက်ပြည်နယ် ဟွေ့ဆိုင်ခရိုင် တုန်ဖုန်းမြို့နယ် ဒွန်ဆောင်းကျွန်း ( မဲခေါင်မြစ်ကမ်းနံဘေး ) မှ ပြန်လာသူဖြစ်သည်။ ပြန်ဝင်လာစဉ်ကွာရန်တင်းဝင်ရန် မလိုက်သွားဘဲ ဇွန်လ ၂၆ ရက်နေ့ ရန်ကုန်အရောက်တွင် YBS 90စီးကာတိုက်ကြီးမြို့နယ်၊ ရေတွင်းဖြူကျေးရွာအုပ်စုရှိ  ၎င်း၏ရွာသို့တန်းပြန်ခဲ့ခြင်းဖြစ်သည်။ထို့နောက် အုပ်ချုပ်ရေးပိုင်းကသတင်းရတာကြောင့် ရွာသို့ အဝင်မခံဘဲ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးရုံးမှစာရေးနှင့်ရာအိမ်မှူးတို့က ကမာရွတ်မြို့နယ်ရှိ ကွာရန်တင်းစင်တာသို့ ပို့ဆောင်ပေးခဲ့ကြသည်။ကွာရန်တင်းဝင်ပြီးနောက် ဇူလိုင် ၄ရက်နေ့တွင် စစ်ဆေးချက်အရ COVID-19 အတည်ပြုလူနာအဖြစ် သိရှိခဲ့ရသည်။လူနာအမှတ် ၃၁၁သည် ယခုလက်ရှိတွင် တောင်ဥက္ကလာပ အထူးကုဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

၎င်းအား လိုက်ပါပို့ဆောင်ပေးခဲ့သူများဖြစ်သည့် အုပ်ချုပ်ရေးမှူး၊စာရေး၊ရာအိမ်မှူးနှင့်ယာဉ်မောင်းတို့အပါအဝင်စုစုပေါင်းလေးဦးလည်းယခုတွင် ကမာရွတ်တွင်ကွာရန်တင်းဝင်နေကြသည်။YBS-90 စီးခဲ့သော‌ကြောင့်ထိတွေ့သူများနိုင်သည့်အတွက် ဆက်လက်ရှာဖွေနေကြောင်းသိရသည်။

ဦးအောင်ကျော်စိုးက "ဒါပေမယ့် အုပ်ချုပ်ရေးမှူးနဲ့ စာရေးနဲ့ ရာအိမ်မှူးနဲ့ သွားပို့တဲ့အတွက်တော့ သူတို့က PPE ဝတ်စုံတော့မပါဘူး။ အဲ့ဒါနဲ့ သူတို့ကိုပါ ကျွန်တော်တို့ ကွာရန်တင်းတော့ ဝင်ခိုင်းထားတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးကတော့ ရွာမှာတော့ ငွေပေးတာတွေ ထောက်ပံ့ကြေးပေးတာတွေတော့ လုပ်လိုက်တာပေါ့။ သူက ၂၆ရက်နေ့က ပြန်လာတာဆိုတော့လေ အဲ့တော့လကုန်တဲ့ရက်မှာတော့ ဝေပေးလိုက်တာ။ အဲ့ဒါတွေပြီးတော့မှ အဖြေထွက်တာဆိုတော့ သူတို့ကိုပါ သံသယရှိတယ်ဆိုပြီး စစ်ဆေးခိုင်းတဲ့သဘောပါပဲ" ဟု ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ၎င်းအား မည်သို့ အရေးယူဆောင်ရွက်မှုမျိုးလုပ်ဆောင်မည်ကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရန် ဖုန်းအကြိမ်ကြိမ်ဆက်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရရှိခဲ့ပါ။

မြန်မာနိုင်ငံတွင် ဇူလိုင် ၅ရက်နေ့အထိ COVID-19အတည်ပြုလူနာ ၃၁၃ဦးရှိပြီး ကုသမှုခံယူ၍ ရောဂါပိုးကင်းစင်သူ ၂၄၁ဦးရှိကာ သေဆုံးသူ ခြောက်ဦးရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly