တရုတ် မွန်ဂိုလီယားတွင် ပလိပ်ရောဂါ ကူးစက်မှု တွေ့ရှိ၍ သတိပေးချက် ထုတ်

By News
06 July 2020
တရုတ် မွန်ဂိုလီယားတွင် ပလိပ်ရောဂါ ကူးစက်မှု တွေ့ရှိ၍ သတိပေးချက် ထုတ်

ဇူလိုင် ၆

တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်သော မွန်ဂိုလီယားတွင် အာဏာပိုင်များသည် ယခုအခါ ဒေသတွင်း ဆေးရုံတစ်ခု၌ ပလိပ်ကပ်ရောဂါပိုး ကူးစက်မှုဖြစ်စဉ်တစ်ခု တွေ့ရှိခဲ့သည့်အတွက် ကြိုတင်ကာကွယ်မှုဆိုင်ရာ အစီအမံများကို အရှိန်မြှင့်လုပ်ဆောင်လျက် ရှိသည်။

Bayan Nur မြို့ ကျန်းမာရေးကော်မတီက ယခုအခါ အဆင့် (၃) သတိပေးချက်တစ်ခု ထုတ်ခဲ့ပြီး ယင်းသည် အဆင့် လေးခု စနစ်တွင် ဒုတိယမြောက် အနိမ့်ဆုံး သတိပေးချက်ဖြစ်သည်။

သတိပေးချက်အရ ပလိပ်ရောဂါပိုး သယ်ဆောင်နိုင်သည့် တိရစ္ဆာန်များကို အမဲလိုက်ခြင်း၊ စားသောက်ခြင်းတို့အပေါ် တားမြစ်ပိတ်ပင်ထားသည်။ ယင်းသည် ဘတ်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်နိုင်ပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။

ထို့ပြင် အများပြည်သူကိုလည်း ရှင်းလင်းသေချာသည့် အကြောင်းရင်းမရှိဘဲ ပလိပ် သို့မဟုတ် ဖျားနာမှု သံသယရှိဖြစ်စဉ်များ တွေ့ရှိပါက သတင်းပို့ရန် နှင့် အကြီးစားရှဉ့် သတ္တဝါများ ဖျားနာ သေဆုံးမှု တွေ့ပါက သတင်းပေးပို့ရန် အာဏာပိုင်များက တိုက်တွန်းထားသည်။

ကူးစက်မှုဖြစ်စဉ်ကို ပြီးခဲ့သည့် ဇူလိုင် ၄ ရက်က ပထမဆုံး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တိရစ္ဆာန်ထိန်းကျောင်းသူတစ်ဦးဖြစ်သည့် လူနာသည် ယင်းရောဂါကို မည်သို့မည်ပုံ နှင့် မည်သည့်အကြောင်းရင်းကြောင့် ကူးစက်ခံရသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

“Black Death” ဟု သိကြသော အဆိုပါ ပလိပ်ရောဂါသည် တခါတရံ ရှဉ့်၊ ကြွက်စသည့် ကိုက်ဖြတ်တတ်သည့် သတ္တဝါများမှ ကူးစက်နိုင်ပြီး ကူးစက်နှုန်း မြင့်မားနိုင်သော်လည်း အများအားဖြင့် ရရှိနိုင်သော ပဋိဇီဝဆေးများဖြင့် ကုသနိုင်သည်။

ယင်းရောဂါကို ပေါင်ခြံ၊ ချိုင်းနှင့် လည်ပင်းရှိ ပြွန်ရည်ကျိတ်များ ရောင်ရမ်းမှုဖြင့် ခွဲခြားနိုင်သော်လည်း ယင်း၏ လက္ခဏာရပ်များသည် တုပ်ကွေး ပုံစံဖြစ်သည့်အတွက် ကနဦးအဆင့်များတွင် ခွဲခြားသိရှိနိုင်ရန် ခက်ခဲနိုင်သည်။

တစ်ခုတည်းသော ကူးစက်မှုကနေ ကူးစက်ကပ်ရောဂါတစ်ခုဆီသို့ ဦးတည်စေနိုင်ဖွယ် မရှိကြောင်း Standford Health Care မှ ကူးစက်ရောဂါများဆိုင်ရာ ဆရာဝန် Dr Shanti Kappagoda က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly