ဂျပန် အနောက်တောင်ပိုင်း၌ မိုးသည်းထန်စွာရွာပြီး ရေကြီး လူ ၄၀ နီးပါး သေဆုံးဖွယ် ရှိ

ဂျပန် အနောက်တောင်ပိုင်း၌ မိုးသည်းထန်စွာရွာပြီး ရေကြီး လူ ၄၀ နီးပါး သေဆုံးဖွယ် ရှိ

ဇူလိုင် ၆

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကျူရူးကျွန်းတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေခဲ့ပြီးနောက် ရေကြီးမှုများဖြစ်၍ လူ ၄၀ ဦးနီးပါး သေဆုံးဖွယ် ရှိနေကြောင်း သိရသည်။

မိုးကြီးမှုကြောင့် ဇူလိုင် ၆ ရက်မနက်ပိုင်းတွင် မြစ်ရေ လျှံတက်တော့မည့် အခြေအနေများလည်း ရှိနေပြီး ပြည်သူများ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး ညွန်ကြားချက်အသစ်များကိုလည်း အာဏာပိုင်တို့က ထုတ်ပြန်ထားခဲ့ရသည်။

သီတင်းပတ်ကုန်တွင် စဖြစ်ခဲ့သည့် ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၂၁ ဦးအထိ သေဆုံးခဲ့ပြီ ဖြစ်သည်။

ထို့ပြင် နောက်ထပ် လူပေါင်း ၁၈ ဦးသည်လည်း အသက်ရှင်သန်နိုင်ဖွယ် မရှိတော့သည့် လက္ခဏာရပ်များ ရှိနေပြီး သေဆုံးသွားပြီဟု ယူဆရကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟိုက် ဆူဂါက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

အခြား လူ ၁၃ ဦးခန့်လည်း ပျောက်ဆုံးနေကြောင်း သိရသည်။

“ မိုးသည်းကြီးမည်းကြီး ရွာပြီး ဖြစ်လာတဲ့ သဘာဝဘေးတွေကြောင့် အသက်ဆုံးရှုံးသွားသူတွေအတွက် အလွန် ဝမ်းနည်းမိတယ်လို့ ပြောပါရစေ” ဟု ဆူဂါက ပြောသွားခဲ့သည်။

အလားတူ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင် ၄၀,၀၀၀ ခန့်သည်လည်း ရှာဖွေကယ်ဆယ်ရေး မစ်ရှင်များတွင် ပါဝင်လုပ်ဆောင်နေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသွားခဲ့သည်။

ဇူလိုင် ၄ ရက်အထိ လူပေါင်း နှစ်သိန်းခန့်ကို ၎င်းတို့၏ နေအိမ်များကနေ ဘေးလွတ်ရာ ပြောင်းရွှေ့ရန် ညွန်ကြားချက် ထုတ်ထားခဲ့ရသည်။

ဂျပန်နိုင်ငံတွင် ယမန်နှစ် အောက်တိုဘာလက တိုင်ဖွန်း ဟာဂီဘစ်ကြောင့် လူ ၉၀ ဦးခန့် သေဆုံးခဲ့မှု နောက်ပိုင်း ယခု ရေလွှမ်းမိုးမှုများသည် နိုင်ငံအတွက် အဆိုးရွားဆုံးသော သဘာဝဘေးဒုက္ခဆိုးတစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly