ကိုဗစ်နဲ့ ထောင်ကျခြင်းအနုပညာ - ၈

သန့်ဇော်(သန်လျင်)

ဇူလိုင် ၆

၁၉၉၀ စက်တင်ဘာ ၂၅ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသား တွေ ဟာ ၁၉၉၀ မေလမှာကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲရလဒ်ဖြစ်တဲ့ အနိုင်ရပါတီကို အာဏာလွှဲပေးရေး အစာငတ်ခံဆန္ဒပြ တောင်းဆိုကြပါတယ်။ အဲဒီလို တောင်းဆိုတဲ့အခါမှာ ဦးဆောင်မှုမှာ ပါဝင်တယ်လို့ဆိုပြီး ကျွန်တော်တို့ဟာ သရက် ထောင်ကို ချက်ချင်းပြောင်းရွှေ့ခံရပါတယ် (စာရေးသူရဲ့ ထောင်သပိတ် စာအုပ်တွင် အသေးစိတ်ဖော်ပြထား)။

သရက်ထောင်ကိုရောက်ပြီးနောက်မှာတော့ နဝတ စစ်အစိုးရ(တပ်မတော်အစိုးရ)ရဲ့ မတရားမှုကို နိုင်ငံတကာသိအောင် လုပ်ဖို့ ဖော်ထုတ်ဖို့ နည်းလမ်းရှာရပါတော့တယ်။ ထောင်ဝန်ထမ်းတွေကို စည်းရုံးကြည့်ရပါတယ်။ ပြင်ပသတင်းတွေကိုလည်း သိအောင် ကြိုးစားရပါတယ်။ နောက်ဆုံးတော့ ကျွန်တော်ရဲ့ စိတ်အားထက်သန်နေမှုကရော အမှန် တရားကို နိုင်ငံတကာသိအောင် ဖော်ထုတ်ဖို့ရော အခြေအနေတွေ ပေးလာပါတော့တယ်။

အဲဒီလို အ‌ခြေအနေရအောင် ဖန်တီးယူရတာ ၅ နှစ်ခန့် ကြာပါတယ်။ အဒီ ၅ နှစ်ခန့် အတွင်း ကျွန်တော့ရည်ရွယ်ချက် မပျောက်သွားဘို့၊ မယိမ်းယိုင်သွားဖို့ကို ကျွန်တော် အထူးတလည် လုပ်နေစရာမလိုတာက ဒီမတရားမှုကို ဘယ်လိုတန်ပြန်ရမလည်းဆိုတာ အချိန်ရှိသရွေ့ မွေးမြူမှမှန်းမသိ စိတ်ထဲမွေးမြူနေလို့ပဲ ဖြစ်ပါတယ်။

ပထမ ကိုယ့်ကိုလုပ်ပေးနိုင်မယ့်၊ ကူညီနိုင်မယ့် ဝန်ထမ်းကို ရှာရ မွေးမြူရပါတယ်။ သူက အစအဆုံးကူညီမှလည်း မစ်ရှင်က အောင်မြင်မှာဆိုတော့၊ အဓိက ဝန်ထမ်းပေါ့။ ဒုတိယ ကတော့ စာရွက်စာတမ်း စာရေးကရိယာပေါ့။ တတိယကတော့ ကျွန်တော်စာရေးပြီး အပြင်ထုတ်၊ သတ်မှတ်နေရာဆီရောက်အောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။

အကုန်လုံးချောမွေ့စွာ အောင်မြင်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂဆီ ကျွန်တော်ရေးတဲ့စာဟာ A4 စာမျက်နှာ ၉ မျက်နှာရှိပါတယ်၊(လွန်ခဲ့တဲ့ ၂၅ နှစ်ကရေးထားတာဆိုတော့ စာမပြေပြစ် ရင်လည်း သီးခံပြီး ဖတ်ပေးပါ)။ ကျွန်တော် ထောင်ထဲက ရေးတဲ့စာ ကတော့ . . .

သို့

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ(UNHRC)

နေ့စွဲ . . . ၁၅ ဇူလိုင်လ ၁၉၉၅ ။

အကြောင်းအရာ ။  ။ မြန်မာနိုင်ငံ အာဏာသိမ်းစစ်အစိုးရမှ ကျွန်ုပ်တို့အား မတရားသဖြင့် သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များ ချမှတ်ခြင်းအပေါ် အရေးယူ ဆောင်ရွက် ပေးရန်နှင့် ကျွန်ုပ်၏ အမှုဖြစ်စဉ်အကျဉ်းအား သိရှိစေရန် ။  ။

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ တင်ပြလိုသည်မှာ. …

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကျွန်ုပ်နေထိုင်သည့် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် နေအိမ်ခြံဝန်းတံခါးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖျက်ဆီးဝင်ရောက်ခဲ့ပြီး ဧည့်စာရင်းစစ်မည်ဟုဆိုကာ အိမ်တံခါးကို ဖွင့်ခိုင်းပါသည်။ ဖွင့်ပေးပြီး ချက်ချင်းဆိုသလို ကျွန်ုပ်အား အိပ်ယာမှ အတင်းနှိုးကာ လက်ထိတ်ခတ်ပြီး အမျိုးသားထောက်လှမ်းရေးမှဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ကျွန်ုပ်၏နေအိမ် နှင့် ခြံဝန်းအတွင်းတို့ကိုလည်း ကျွန်ုပ်ကို ခေါ်ဆောင်ပြီးနောက်ပိုင်းတွင် ထောက်လှမ်းရေး များက ပိုက်စိပ်တိုက်ရှာဖွေကြသည်ဟုလည်း နောက်ပိုင်းတွင် ကြားသိရပါသည်။

ကျွန်ုပ်အား ဖမ်းဆီးချိန်တွင် ကျွန်ုပ်သဘောပေါက်သည်မှာ ဇူလိုင် ၇ ရက်နေ့(ဆဲဗင်းဂျူ လိုင်) အခမ်းအနားကိစ္စနှင့် လာမည့် ဇူလိုင် ၁၉ ရက်၊ အာဇာနည်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေးအစီအစဉ်တွင် ဦးဆောင်မှု အခန်းကဏ္ဍ၌ ပါဝင်ပတ်သက်ခြင်းကို သိရှိသွားကြ၍ ဖမ်းဆီးခံရသည်ဟု ယူဆမိပါသည်။ သို့သော် ကျွန်ုပ်အား ဖမ်းဆီးတင် ဆောင်သွားသည့် သန်လျင်မြို့နယ် ရဲစခန်း သတင်းတပ်ဖွဲ့မှ လင့်ရိုဘာကား အပြာလေး သည် တစ်နေရာတွင် ‌ခေတ္တရပ်ပြီး “မိုးကျော်သူ” (အသက် ၁၈ နှစ်)အား ဖမ်းဆီးလာသည် ကို တွေ့ရသော အခါ  ကျွန်ုပ်အဖမ်းခံရသည့်ကိစ္စကို ဇဝေဇဝါ ဖြစ်သွားရပါသည်။ အဘယ့်ကြောင့်ဆိုသော် ဇူလိုင် ၁၉ ရက်နေ့ အာဏာဖီဆန်ရေးပြုလုပ်မည့် အစီအစဉ်တွင် သော်လည်းကောင်း၊ ကျွန်ုပ်၏နိုင်ငံရေးလှုပ်ရှားမှုများတွင်သော်လည်းကောင်း၊ ပါဝင် ပတ်သက်ခြင်း မရှိသည့်အပြင်၊ ကျွန်ုပ်တို့ လုပ်ဆောင်မည့်အစီအစဉ်များကို လုံးဝမသိသူ တစ်ဦးလည်း ဖြစ်နေပါသည်။ ထို့အပြင် မိုးကျော်သူဆိုသော လူငယ်လေးမှာ ရိုးသားပြီး အသက် ၁၈ နှစ်ပင် မပြည့်သေးသူ တစ်ယောက်ဖြစ်နေသောကြောင့်ပင် ဖြစ်ပါသည်။ မိုးကျော်သူသည် ဇူလိုင် ၇ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သန်လျင်မြို့နယ်ရုံး တွင် ကျင်းပသော “ဆဲဗင်းဂျူလိုင်” အခမ်းအနားကို တက်ရောက်သူအဖြစ် ကျွန်ုပ်နှင့် တစ်ကြိမ်သာတွေ့ဖူး စကားပြောဖူးသူသာ ဖြစ်ပါသည်။

ဆိုလိုသည်မှာ ကျွန်ုပ်ဖမ်းဆီးခံရခြင်း အကြောင်းအရင်းမှာ စဉ်းစား၍မရနိုင်အောင်ပင် ဖြစ်နေပါတော့သည်။ ထပ်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုပါကလည်း ၁၂ - ၇ - ၁၉၈၉ နေ့ နေ့လယ်တွင် ကျွန်ုပ်တို့ သန်လျင်မြို့နယ်မှ ဒေါက်တာဝင်းနိုင်(၉၀ အမတ်)၊ ဦးမြင့်ဆွေနှင့် ဦးခင်မောင်ဦး(မခ)တို့ကိုသာလျှင် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေးအစီအစဉ်ကို အနည်းငယ်သာ ပြောထားရုံပဲရှိပါသည်။

ကျွန်ုပ်တို့ကို သန်လျင်ဖက်ကမ်းမှ သီတာသင်္ဘောဖြင့် ရန်ကုန်သို့ လက်ထိတ်နောက်ပြန် ခတ်၊ မျက်နှာကို အဝတ်စည်း၍ ခေါ်ဆောင်သွားပါသည်။ သီတာသင်္ဘောဆိပ်အရောက် တွင် တဖန် ကားဖြင့် တစ်နေရာသို့ ထပ်မံခေါ်ဆောင်သွားပြီး အခန်းတစ်ခုထဲသို့ ကျွန်ုပ်အား ထည့်ကာ ကျွန်ုပ်တစ်ကိုယ်လုံးကို ဝါယာကြိုးများဖြင့်ပါ ထပ်ပြီး တုတ်နှောင် လိုက်ပါသည်။

ကျွန်ုပ်မှာ ဘာမှမမြင်ရသည့်အပြင် တစ်ကိုယ်လုံး ဝါယာကြိုးများတုတ်နှောင်ထားတာ ကြောင့် နေရခက်နေပါသည်။ ထိုနောက် ကျွန်ုပ်အမည်မေးပါသည်။ အမည်မေးပြီး . . .

“မင်းတို့ ရေနံချက်စက်ရုံကို ဗုံးခွဲတာ မဟုတ်လား . . ဘာမှ မငြင်းနေနဲ့တော့  . .ဒီဗုံးကို ဘယ်ကရလဲ . .  .” တဲ့  ။

ကျွန်ုပ်လည်း ထိုစကားကိုကြားလိုက်တယ်ဆိုရင်ပဲ ခေါင်းနားပန်းကြီးသွားရပါသည်။ ကျွန်ုပ်တစ်သက်တာတွင် မခံစားရဘူးသော ထိတ်လန့်တုန်လှုပ်မှုကြီးကို တမုဟုတ်ချင်း ခံစားလိုက်ရပါသည်။ ကျွန်ုပ်လည်း ချက်ချင်းပင် လုံးဝမဟုတ်ကြောင်း လုံးဝမသက်ဆိုင် ကြောင်း ပြန်လည်ပြောဆိုပါတယ်။ ချက်ချင်းဆိုသလို ကျွန်ုပ်၏မျက်နှာကို လက်သီးများ ဖြင့်ထိုးနှက်၊ တုတ်များ၊ ဝါယာကြိုးများဖြင့် ဝိုင်းရိုက်ကြပါတော့သည်။ ကျွန်ုပ်၏မျက်နှာ အား အဝတ်စည်းထား၍ ဘယ်နှစ်ယောက်က ဝိုင်းရိုက်နေသည်ကို ကျွန်ုပ်မခန့်မှန်းနိုင် တော့ပါ .  . . . . .။  ။

(ဆက်လက်ဖော်ပြပါမည်)

{ဖော်ပြပါ ဓာတ်ပုံမှာ စာရေးသူ၏ ယခုပုံနှင့် လွန်ခဲ့သော ၂၅ နှစ်က ထောက်လှမ်းရေးမှ ရိုက်နှက်ထိုးကြိတ်ထားသည့်ပုံ ဖြစ်ပါသည်။}

* ဆဲဗင်းဂျူလိုင် အမှတ်တရ..

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly