ကိုရိုနာဗိုင်းရပ်စ် မကူးအောင် ရွှေနှာခေါင်းစည်း ဝတ်ဆင်သည့် အိန္ဒိယအမျိုးသား

ကိုရိုနာဗိုင်းရပ်စ် မကူးအောင် ရွှေနှာခေါင်းစည်း ဝတ်ဆင်သည့် အိန္ဒိယအမျိုးသား
Photo - AFP

ဇူလိုင် ၅

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လျက်ရှိစဉ် အမျိုးသားတစ်ဦးသည် ၎င်းအား ကိုရိုနာဗိုင်းရပ်စ်မှ ကာကွယ်နိုင်ငံ အမေရိကန်ဒေါ်လာ ၄၀၀၀ ခန့်ပေး၍ ရွှေနှာခေါင်းစည်းကို အော်ဒါမှာ ဝတ်ဆင်သည်။

နှာခေါင်းစည်းက ရွှေသားအလေးချိန်သည် ၆၀ ဂရမ်(နှစ်ပေါင်) ရှိပြီး ပန်းထိမ်ဆရာများက ရှစ်ရက်ကြာ အချိန်ယူ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပူနီအနောက်ပိုင်းမြို့မှ စီးပွားရေးလုပ်ငန်းရှင် ရှန်ကာကူဟာဒီက ပြောသည်။

“ဒီ ရွှေနှာခေါင်းစည်းဟာ ပါးလွှားပြီး ချွေးထွက်ပေါက်လေးတွေပါတာကြောင့်ကျွန်တော် အသက်ရှုလို့ မခက်ပါဘူး။”ဟု ရှန်ကာက အေအက်ဖ်ပီသို့ ပြောသည်။

Photo - AFP

“ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကနေ ကျွန်တော်ကို အကာအကွယ်ပေးနိုင်သလားဆိုတာတော့ ကျွန်တော်လည်း သိပ်မကျိန်းသေဘူး။ ဒါပေမယ့် အခြား ကြိုတင်ကာကွယ်မှုတွေ ကျွန်တော် လုပ်ဆောင်နေပါတယ်။”ဟု ၎င်းက ထပ်လောင်းပြောသည်။

အပြင်ထွက်သည့် အခါတွင် ရွှေလက်ကောက်များ၊ ရွှေဆွဲကြိုးများနှင့် လက်ယာဖက်က လက်ချောင်းအားလုံးမှာ  ရွှေလက်စွပ်များအပါအဝင် တစ်ကီလိုဂရမ်အလေးချိန်ခန့်ရှိ ရွှေလက်ဝတ်ရတနာများ ဝတ်ဆင်ပြီး အပြင်ထွက်ရသည်ကို သဘောကျနှစ်ကြိုက်ကြောင်း အသက် ၄၉ နှစ်အရွယ် ရှန်ကာက ပြောသည်။

Photo - AFP

စက်မှုလုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီထောင်ထားသူ ရှန်ကာက မီဒီယာသတင်းတစ်ရပ်တွင် လူတစ်ဦးက ငွေနှာခေါင်းစည်း ဝတ်ဆင်ကြောင်းကို တွေ့ရပြီး ယခုကဲ့သို့ စိတ်ကူးရခဲ့သည်ဟု ဆိုသည်။

“လူတွေက ကျွန်တော်နဲ့ ဓာတ်ပုံအတူ တွဲရိုက်ဖို့ တောင်းဆိုကြတယ်။”ဟု ၎င်းက ပြောသည်။

“ဈေးတွေထဲမှာ ကျွန်တော် ရွှေနှာခေါင်းစည်း တပ်ပြီး သွားလာတဲ့အခါ လူတွေ မှင်သက်ကုန်ကြတယ်။”ဟု ရှန်ကာက ပြောခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၆၅၀၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၁၈၆၀၀ ကျော်ရှိသည့် အိန္ဒိယနိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် အများပြည်သူနေရာများ၌ နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ရန် အမိန့်ထုတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly