ရေချိုးနေစဉ် ဆီးသွားသင့်လား

ရေချိုးနေစဉ် ဆီးသွားသင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Ye Myo Myat

လူတော်တော်များများ ရေချိုးနေရင်းနဲ့ ဆီးသွားတာမျိုး လုပ်ဖူးကြမယ် ထင်ပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေဆို ပိုလုပ်တတ်ပါတယ်။ ဆီးဆိုတာက လူတွေရဲ့ ကျောက်ကပ်နဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို အရည်အဖြစ်နဲ့ အပြင်ကို စွန့်ထုတ်တာပါ။ အဲ့တော့ မေးစရာ ဖြစ်လာတာက ရေချိုးနေစဉ် ဆီးသွားတာဟာ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ညီညွတ်ရဲ့လား။ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက်ရော လုပ်သင့်လား ဆိုတဲ့အချက်ပါ။

၁။ တစ်ယောက်တည်း နေသူတွေအတွက် အဆင်ပြေပါတယ်။

ကိုယ်က မိသားစု၊ လူအများနဲ့ စုနေတာမဟုတ်ဘဲ တစ်ယောက်တည်း သီးသန့် ငှားနေတာဆို ပြဿနာမရှိပါဘူး။ ရေချိုးနေချိန်၊ သွားတိုက်၊ မျက်နှာသစ်ချိန်က လွဲရင် ရေချိုးခန်းထဲကို ဝင်စရာ အကြောင်းမရှိတဲ့အတွက် ဆီးသွားလို့လည်း ဘယ်သူ့ကိုမှ ဒုက္ခမဖြစ်စေပါဘူး။ အကောင်းဘက်က ကြည့်မယ်ဆိုရင်လည်း ရေချိုးနေတုန်း ဆီးသွားလိုက်တော့ ချိုးလိုက်တဲ့ ရေနဲ့ ဆီးဟာ မြောပါသွားပြီး အိမ်သာရေကို ချွေတာသုံးစွဲရာ ရောက်ပါတယ်။

၂။ ပတ်ဝန်းကျင်နဲ့ တခြားသူအတွက်ဆို အဆင်မပြေပါဘူး။

ကိုယ်က မိသားစုနဲ့ နေတယ်၊ ဒါမှမဟုတ် အများသုံး ရေချိုးခန်း၊ ရေကူးကန်၊ ချွေးထုတ်ခန်းတွေမှာ ဆိုရင်တော့ ဆီးသွားချတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်အတွက် ရွံစရာ မကောင်းဘူးဆိုရင်တောင် တခြားသူတွေဆီ ကိုယ့်ရဲ့ အညစ်အကြေးတွေ ပြန့်သွားနိုင်တာကြောင့်ပါ။

၃။ ရေချိုးခန်းထဲ ဆီးသွားလိုက်လို့ သီးသန့် ပိုးသတ်ပေးစရာ မလိုပါဘူး။

ပုံမှန်ဆိုရင်တော့ ရေချိုးခန်းကို တစ်ပတ် တစ်ကြိမ်လောက် အနည်းဆုံး ပိုးသန့်စင်ပေးခြင်းဟာ အိမ်သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။ ဆီးဆိုတာ လူ့ခန္ဓာကိုယ်က ထွက်တဲ့ အညစ်အကြေးဆိုတာ မှန်ပေမယ့် မစင်လောက်တော့ ရောဂါပိုးမွှား မများပါဘူး။ ဒီတော့ ကိုယ်ရေချိုးနေတုန်း ဆီးသွားလိုက်ခြင်းဖြင့် အပိုထပ်ပြီး ပိုးသတ်ပေးစရာ မလိုပါဘူး။ ရေချိုးပြီးသွားတော့မှ ဆီးသွားလိုက်တာဆိုရင် ရေနဲ့ နည်းနည်း ပြန်လောင်းပေးရင် အနံ့အသက် စွဲကျန်ခဲ့မှာ မဟုတ်ပါဘူး။

၄။ ဆီးဟာ ရောဂါပိုးမွှား မကင်းစင်ပါဘူး။

အပေါ်မှာ ပြောထားခဲ့တဲ့အတိုင်းပဲ ဆီးမှာလည်း ရောဂါပိုးမွှား အနည်းနဲ့ အများတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် အရည်အမျိုးအစား ဖြစ်တဲ့အပြင် ပုံမှန် ရေများများသောက်ပေးတဲ့သူဆိုရင် ဆီးရဲ့ အရောင်ဟာ ဖျော့ပြီး အနံ့ရော၊ ရောဂါပိုးပါ နည်းတဲ့အတွက် အရမ်းတော့ စိုးရိမ်စရာ မလိုပါဘူး။ စိတ်ထဲမှာ တစ်မျိုး ဖြစ်နေရင်တော့ ဆီးသွားပြီး၊ ရေချိုးပြီးရင် ကြမ်းပြင်ကို ရေနဲ့ တစ်ချက်လောက် ပြန်လောင်း၊ တစ်ပတ်ကို တစ်ကြိမ်လောက် ရေချိုးကို သေချာ ဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပေးရင် လုံလောက်ပါပြီ။

၅။ ရောဂါပိုး ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။

ဥပမာ ကိုယ့်မှာ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ဒါမှမဟုတ် ကာလသားရောဂါလိုမျိုး လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါရှိတယ် ဆိုကြပါစို့။ ကိုယ်နဲ့ အတူနေတဲ့ သူနဲ့ ရေချိုးခန်းတစ်ခုတည်းကို အသုံးပြုတယ်၊ သူ့ရဲ့ ခြေထောက်မှာ အနာ၊ ဒဏ်ရာတွေ ရှိနေတယ်ဆိုရင် ကြမ်းပြင်မှာ ကျန်ခဲ့တဲ့ ဆီးကနေ အနာထဲကို ဝင်ပြီး ပိုးကူးစက်ခံရနိုင်ခြေ ရှိပါတယ်။ ဖြစ်နိုင်ခြေ နည်းတယ်ဆိုပေမယ့် လုံးဝ မကူးနိုင်တာတော့ မဟုတ်ပါဘူး။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် တစ်ဦးတည်းနေတဲ့သူအတွက် ဒါက သိပ်ပြီး စဉ်းစားလောက်စရာ ကိစ္စမဟုတ်ပေမဲ့ ကိုယ့်မိသားစုနဲ့ အတူနေတာမျိုးဆိုရင်တော့ တစ်ဖက်လူကို ပြန်ပြီး စဉ်းစားပေးသင့်ပါတယ်။ အကောင်းဆုံးကတော့ ရေမချိုးခင်မှာ မျက်နှာသစ်၊ သွားတိုက်၊ အပေါ့၊ အလေး သွားထားပြီးတော့မှ အေးအေးဆေးဆေး ရေချိုးတာက ကိုယ့်အတွက်ရော ကျန်တဲ့ အတူနေသူတွေအတွက်ပါ အဆင်ပြေစေမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly