ဇူလိုင် ၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်မြေစာပုံပြိုမှုကြောင့် ရေမဆေးကျောက်ရာဖွေများနွံနစ်ကာ သေဆုံးသူ ရုပ်အလောင်း ၁၆၆ကျော်အထိရှိလာပြီဖြစ်ကြောင်းသိရသည်။
ဇူလိုင်လ ၃ရက် နံနက် ၁၁နာရီတွင် ရုပ်အလောင်း သုံးလောင်းထပ်မံရရှိခဲ့ပြီး ဇူလိုင်လ ၂ရက် ညပိုင်းမှာ ၁၆၁လောင်း တွေ့ရှိခဲ့သည့်အတွက် ရုပ်အလောင်း ၁၆၆အထိရှိလာသည်။ဒဏ်ရာရရှိသူ ၅၀ကျော်ရှိနေပြီလည်းဖြစ်သည်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးရွှေသိန်းက “ ရေအိုင်ထဲကနေ အလောင်းတွေပေါ်လာကယ်ဆယ်ရှာဖွေရေးတွေ လုပ်ရမှာဖြစ်တဲ့အတွက် အောက်ကိုလည်း ငုတ်ပြီးမှရှာလို့မရဘူး။
အလောင်းတွေပေါ်လာမှပဲ ဆယ်လို့ရမှာဖြစ်တဲ့အတွက် ဝါးဖောင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက စောင့်ဆိုင်းနေပါတယ်။” ဟု မဇ္ဈိမသို့ပြောသည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ယမန်နေ့ ဇူလိုင် ၂ ရက်နေ့ ညပိုင်းတွင်ရပ်နားထားခဲ့ရသည်။
ယမန်နေ့ကတော့ ရွှံ့တွေနဲ့ ပေကျံနေတဲ့ ရေမဆေးကျောက် ရှာသူတွေရဲ့ ရုပ်အလောင်းတွေကို မြေပြင်ပေါ်မှာ စီတန်းချထားခဲ့ပြီး အပေါ်က တာပေါ်လင်စတွေနဲ့ ဖုံးအုပ်ထားခဲ့ကြပါတယ်။
ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ရေမဆေးသမားများ ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် ယခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဇူလိုင် ၂ ရက်နေ့တွင် မြေစာပုံပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်ပြီး ယခုကဲ့သို့ နွံနစ်သေဆုံးမှုများဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရသည်။
ဖားကန့်ဒေသတွင် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်နေမှုကြောင့် နှစ်စဉ်မြေပြိုမှုများဖြစ်ပွားကာ လူဦးရေ ထောင်ချီသေဆုံးခဲ့ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နိုင်ငံအတွက်ဝင်ငွေအများအပြားရရှိတဲ့ ဖားကန့်ကျောက်စိမ်းနယ်မြေကြီးအတွက် ယနေ့ဖြစ်ပျက်သောအဖြစ်ဆိုးများအတွက်အဓိကတရားခံ ဖြစ်သော ကျောက်မျက်ရတနာနည်းဥပဒေ အမြန်ဆုံးထွက်ရှိလာကာ
စည်းစနစ်တင်းကျပ်စွာအကောင်အထည်ဖော်ဖို့ကိုလည်းလူမှုအဖွဲ့အစည်းများကထောက်ပြကြသည်။
လူ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသော ယခုဖြစ်စဉ်အတွက် အမေရိကန်သံရုံး၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊လူမှုအဖွဲ့အစည်းများနှင့်နိုင်ငံရေးပါတီများက ဝမ်းနည်းကြောင်းစာများထုတ်ပြန်ခဲ့ကြသည်။