COVID-19 ကြောင့် ထိုင်းခရီးသွားလုပ်ငန်း ကန်ဒေါ်လာ ၄၇ ဘီလီယံအထိ ဆုံးရှုံး

COVID-19 ကြောင့် ထိုင်းခရီးသွားလုပ်ငန်း ကန်ဒေါ်လာ ၄၇ ဘီလီယံအထိ ဆုံးရှုံး

ဇူလိုင် ၂

COVID-19 ကန့်သတ်ချက်များကြောင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ထရီလီယံအထိ ကျဆင်းဖွယ်ရှိသည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော ကုလသမဂ္ဂ သုတေသနစာတမ်းတစ်စောင်အရ သိရသည်။

ယင်းတွင် ထိုင်းနိုင်ငံသည် ဒေါ်လာ ၄၇ ဘီလီယံအထိ ဆုံးရှုံးသည် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ညီလာခံမှ ထုတ်ပြန်သော ‘COVID-19 နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ’ဆိုသည့် အစီရင်ခံစာ စာတမ်းတွင် ဖော်ပြထားသည်။

ခရီးသွားလုပ်ငန်းကဏ္ဍအတွက် သုတေသနပြုရာတွင် လော့ဒေါင်းလုပ်ငန်းစဉ်များ လေးလ၊ ရှစ်လနှင့် ၁၂ လတာ ချမှတ်ခြင်း သုံးရပ်အပေါ် မူတည်ကာ ယင်းစာတမ်းက ခန့်မှန်းတွက်ချက်ထားခြင်း ဖြစ်သည်။

ထိုသို့ ခန့်မှန်းရာ၌ လေးလတာအတွက် ဒေါ်လာ ၁ ဒသမ ၁၇ ထရီလီယံ၊ ရှစ်လတာအတွက် ဒေါ်လာ ၂ ဒသမ ၂၂ ထရီလီယံနှင့် ၁၂ လတာအတွက် ဒေါ်လာ ၃ ဒသမ ၃ ထရီလီယံ ဆုံးရှုံးမည် သို့မဟုတ် ကမ္ဘာ့ ဂျီဒီပီ၏ ၁ ဒသမ ၅ မှ ၄ ဒသမ ၂ ရာခိုင်နှုန်း ဆုံးရှုံးမည်ဟု ဆိုထားသည်။

မည်သည့် ကာလတာအတွက် ဆုံးရှုံးမှုက အဖြစ်နိုင်ဆုံးဆိုသည်ကို အစီရင်ခံစာ၌ မဖော်ပြထားသော်လည်း ကုလသမဂ္ဂတာဝန်ရှိသူများက ရှစ်လတာအတွက် ခန့်မှန်းချက်က အဖြစ်နိုင်ဆုံးဟု ပြောကြသည်။

“နိုင်ငံတကာ ခရီးသွားလုပ်ငန်းဟာ ရပ်တန့်သလောက်နီးပါးမှာ ရှိတယ်။ နိုင်ငံတော်တော်များများမှာ လော့ဒေါင်းချထားတဲ့ အခြေအနေတွေကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းတွေလည်း တန့်နေတယ်။”ဟု ယင်းက ဖော်ပြသည်။

“တစ်ချို့နိုင်ငံတွေမှာတော့ တစ်ဖြည်းဖြည်းနဲ့ ပြန်ဖွင့်တာတွေ ရှိပေမယ့် တော်တော်များများက နိုင်ငံတကာခရီးသွားဧည့်သည်တွေကိုလက်ခံဖို့ စိုးရိမ်ပူပန်နေတယ်။”ဟုလည်း ဆိုသည်။

ထိုင်းနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် ခရီးသွားကဏ္ဍမှ ဝင်ငွေ ဒေါ်လာ ၄၇ ဘီလီယံစီ ဆုံးရှုံးနိုင်သည်ဟု ယင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

ခန့်မှန်းချက်၌ အမေရိကန်နိုင်ငံသည် အဆိုးဆုံး ဆုံးရှုံးမှု ဖြစ်ပြီး လေးလတာအတွက် ဒေါ်လာ ၁၈၇ ဘီလီယံ ဆုံးရှုံးနိုင်ကာ ယင်းနောက်တွင် တရုတ်နိုင်ငံက ဒေါ်လာ ၁၀၅ ဘီလီယံ ဆုံးရှုံးနိုင်သည်ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly