အဓမ္မခိုင်းစေမှုနှင့် ငြိစွန်းနေသည်ဆိုသည့် တရုတ်ထုတ်ကုန်များ အမေရိကန် ဖမ်းဆီး

အဓမ္မခိုင်းစေမှုနှင့် ငြိစွန်းနေသည်ဆိုသည့် တရုတ်ထုတ်ကုန်များ အမေရိကန် ဖမ်းဆီး

ဇူလိုင် ၂

တရုတ်နိုင်ငံမှ တင်ပို့လာသော ဆံပင်ကနေ ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို သိမ်းဆည်းရမိခဲ့ကြောင်း အမေရိကန် အကောက်ခွန် တာဝန်ရှိသူများက ဇူလိုင် ၁ ရက်တွင် ပြောသည်။

တရုတ်မှလာသည့် အဆိုပါ ဆံပင်နှင့် ဆက်စပ်ထုတ်ကုန်များသည် အဓမ္မခိုင်းစေမှုနှင့် ပတ်သက်နေကြောင်း၊ ယင်းထုတ်ကုန်များကို တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်ရှိ အလုပ်သမားကမ့်စခန်းများရှိ မွတ်ဆလင်များ ထုတ်လုပ်ပေးခဲ့ရသည်ဟု ယုံကြည်ရကြောင်း သိရသည်။

ယခု သိမ်းဆည်းရမိသည့် ထုတ်ကုန်များသည် Lop County Meixin Hair Product Co ကုမ္ပဏီမှ တင်ပို့သော ဒေါ်လာ ၈ သိန်းတန်ဖိုးရှိ တန်ချိန် ၁၃ တန်ရှိ ကုန်များအနက်မှ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင်များတွင် ထုတ်လုပ်ခြင်းနှင့် ကလေးငယ်များအပါအ၀င် လုပ်သားများကို အတင်းအဓမ္မခိုင်းစေထုတ်လုပ်ထားခြင်း စသည့် အကြောင်းရင်းများရှိနေ၍ အဆိုပါ ကုမ္ပဏီ၏ ကုန်ပစ္စည်းများကို ဖမ်းဆီးရန် အမေရိကန် အကောက်ခွန်နှင့် နယ်စပ် ကာကွယ်ရေးဌာန (CBP) က ဇွန်လ ၁၇ ရက်တွင် ညွန်ကြားချက်ထုတ်ထားခဲ့သည်။

“ဒီလို ပစ္စည်းတွေ ထုတ်လုပ်တာက အင်မတန် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုပါပဲ” ဟု CBP မှ ကုန်သွယ်မှုဆိုင်ရာ အမှုဆောင်လက်ထောက် ကော်မရှင်နာ ဘရန်ဒါ စမစ်သ်က ပြောသည်။

“ဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ လူသားမဆန်တဲ့ ကျင့်သုံးလုပ်ကိုင်မှုတွေကို အမေရိကန်ရဲ့ ထုတ်လုပ်မှုလမ်းကြောင်းထဲမှာ လာပတ်သက်တာမျိုးကို လက်သင့်ခံမှာ မဟုတ်ဘူးဆိုတာကို ဒီဖမ်းဆီးမှု အမိန့်နဲ့အတူ တိုက်ရိုက် သတင်းစကားပါးလိုက်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

Lop County Meixin သည် အဓမ္မခိုင်းစေမှုများ ရှိခဲ့သည့်အတွက် မကြာမီလများအတွင်းက အမည်ပျက်စာရင်းအသွင်းခံရသည့် ရှင်ကျန်းပြည်နယ်မှ တတိယမြောက် ဆံပင် ထုတ်ကုန်တင်ပို့သူ လုပ်ငန်းလည်း ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly