မလေးရှား‌ရောက်တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ဖို့ စာရင်းပေးသူ ၅၀၀၀ ကျော်ရှိ

မလေးရှား‌ရောက်တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ဖို့ စာရင်းပေးသူ ၅၀၀၀ ကျော်ရှိ
Photo - AFP

ဇူလိုင် ၁

မလေးရှားရောက်တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ကယ်ဆယ်ရေးလေယာဉ်များဖြင့်ပြန်လာနိုင်ရန် တစ်ပတ်အတွင်းစာရင်းပေးထားသူပေါင်း ၅၀၀၀ ကျော်ရှိနေပြီဖြစ်သည်။

“မလေးရှားက တရားမဝင်လုပ်သားတွေ ရီဂျစ်စတာလုပ်တဲ့ ကိစ္စတွေ၊ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်မယ့် ကိစ္စတွေ ကျွန်တော့ဖုန်းကို စက္ကန့်သုံးဆယ်မှာ ဖုန်းတစ်ခါဝင်နေပါတယ်။ ပြန်ဖို့ လျှောက်ထားတာကတော့ ကျွန်တော်တို့ အီးမေးလ်မှာ တက်နေတာက ငါးထောင်လောက်ရှိတယ်။ အဲ့ထဲမှာ ကျွန်တော်တို့ အီးမေးလ်တစ်ခုတည်းကို သုံးထားတဲ့အတွက် တရားမဝင်ပြန်မယ့်သူတွေရဲ့ အီးမေးလ်တွေရော၊ တရားဝင်ပြန်မယ့်သူတွေရဲ့ အီးမေးလ်တွေပါ အဲ့တာတွေ ကျွန်တော်တို့ စစ်ထုတ်နေရတာ”  မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး သံရုံးအုပ် ဦးကိုကိုလွင်က မဇ္ဈိမကို ပြောသည်။

နိုင်ငံသားစီစစ်ရန် သံရုံးက ကောက်ခံနေသည့် လျှောက်လွှာပုံစံဖြည့် အီးမေးလ်ပို့ဖို့ မလေးရောက်တရားမဝင်မြန်မာလုပ်သားအများစုတွင် အခက်အခဲရှိနေသေးသောကြောင့် စာရင်းမပေးနိုင်သူများစွာလည်း ရှိနေပြီး မလေးရှားနိုင်ငံက မြန်မာလူမှုကူညီရေးအသင်းများက အကူအညီပေးနေကြသည်။

မလေးရှားရောက် တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သည့် ကိုဇော်ဝင်းက “လျှောက်တော့ ထားတယ်။ အီးမေးလ်တင်မယ်ဆိုတော့လည်း ကျွန်တော်တို့ ဖုန်းတွေက အခက်အခဲရှိတယ်။ စားဝတ်နေရေးတောင် အဆင်မပြေတာ။ အင်တာနက်ဆိုတော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။

မလေးရှားနိုင်ငံရှိ မြန်မာလူမှုကူညီရေးအသင်းမှ ကိုဇော်မျိုးကတော့ “တစ်ချို့ကတော့ သံရုံးက ထုတ်ပေးထားတဲ့ ဖောင်ဖြည့်ဖို့ စာရွက်ကို ဆိုင်တွေမှာ သွားပြီး ပရင့်ထုတ်ဖို့ ခက်တာ။ အဲ့စာရွက်ရပြီးတော့ အီးမေးလ်ပို့ဖို့ မလုပ်တတ်ကြဘူး။ အဲ့တာမျိုးတွေကြောင့် တစ်ချို့ဆို တော်တော် အခက်ကြုံနေကြရတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပေးနေတာပါ” ဟု ဆိုသည်။

Photo - AFP

ယခုလို COVID-19 ဖြစ်ပွားနေချိန်ကာလအတွင်း မလေးရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် စားဝတ်နေရေးအခက်အခဲ၊ အလုပ်အကိုင်အခက်အခဲများကြောင့် ပြည်ပမှာ ဆက်လက်နေထိုင်ရေး အခက်အခဲ ကြုံနေရပြီး မြန်မာနိုင်ငံကို ပြန်လာလိုသူ များစွာရှိနေသည်။

တရားမဝင်အလုပ်သမားများမှာ မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးနေမှုများရှိနေပြီး ကယ်ဆယ်ရေးလေယာဉ်နှင့်လည်း လိုက်ပါခွင့်မရသောကြောင့် ပိုအခက်ကြုံနေကြောင်း မလေးရှားနိုင်ငံက မြန်မာလူမှုကူညီ ရေးအသင်းများက ပြောသည်။ ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်း မလေးရောက်တရားမဝင်အလုပ်သမား ၈ ဦးအထိ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့သည်။

မလေးရှားရောက် တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သည့် ကိုဇော်ဝင်းက “အမြန်ပြန်ချင်တယ်ပေါ့နော်။ ဒီမှာ အဖမ်းအဆီးတွေကလည်း များတယ်။ အမြဲတမ်းလှည့်နေတယ်။ ကျွန်တော်တို့ အပြင်ထွက် လို့လည်း မရဘူး။ ဒုက္ခရောက်တာကတော့ အကုန်လုံး ဒုက္ခရောက်နေတာပေါ့။ သူဌေးတွေက လူမလိုတဲ့အတွက်ကြောင့် အကုန်ဖြုတ်လိုက်တယ်။ အိမ်ငှားခလည်း မပေးနိုင်တော့ တောင်းပန်ထားရတယ်” ဟု ပြောသည်။

မလေးရောက်တရားမဝင်မြန်မာလုပ်သားများကို ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးနှင့် ညှိနှိုင်းနေဆဲဖြစ်ပြီး ခွင့်ပြုလာခဲ့ပါက အဆင်သင့်ဖြစ်နေရန်နှင့် အမြန်ဆုံးပြန်လည်ပို့ဆောင်ပေး နိုင်ရန် စာရင်းကောက်ခံနေခြင်းဖြစ်ကြောင်းလည်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကနေ သိရသည်။

၂ဝ၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မလေးရှားနိုင်ငံတွင် တရားဝင်မြန်မာအလုပ်သမား သုံးသိန်းဝန်းကျင်ရှိနေပြီး အမှန်တကယ်ရှိသည့် အရေအတွက်မှာ များစွာပိုကြောင်း ခန့်မှန်းမှုများလည်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly