အောင်ဘာလေကျပ်သိန်း ၁၅၀၀၀ကို စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဝရာကျေးရွာမှ မောင်နှမ ဆွတ်ခူး

အောင်ဘာလေကျပ်သိန်း ၁၅၀၀၀ကို စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဝရာကျေးရွာမှ မောင်နှမ ဆွတ်ခူး
Photo - အောင်ဆုထူးပိုင် - မုံရွာပင်ရင်းထီဆိုင်ကြီး

ဇူလိုင် ၁

လူအများမျှော်လင့်စောင့်စားနေကြသည့် အောင်ဘာလေထီ၏ အမြင့်ဆုံး ဆုကြေးဖြစ်သော ကျပ် သိန်း ၁၅၀၀၀ဆုကို ယခုတစ်ကြိမ်တွင်တော့ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်ဝရာကျေးရွာနေ မောင်နှမက ဆွတ်ခူးရရှိသွားခဲ့သည်။

ဇူလိုင်လ ၁ရက်ကကထွက်ရှိသည့် ကျပ်သိန်း ၁၅၀၀၀ကို မုံရွာမြို့ရှိ အောင်ဆုထူးပိုင်ပင်ရင်းထီဆိုင်မှ ဝယ်ယူပေါက်သွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဆိုင်မှ နှစ်ခုမြောက် ထီဆုကြီးရောင်းချခဲ့နိုင်ခြင်းလည်းဖြစ်သည်။

ထီဆိုင်ဝန်ထမ်းလည်းဖြစ်ပြီး သိန်း ၁၅၀၀၀ ထီဆုရှင်ဖြစ်သော မဆုမြတ်မွန်ကတော့ “ မောင်နှစ်မယောက်ပေါက်တာပါ။ သမီးတို့မောင်နှစ်မနှစ်ယောက်စပ်ထိုးတာပါ။" ဟု မဇ္ဈိမသို့ ပြောသည်။

 " အစ်ကိုက မူဆယ်နဲ့တရုတ်ပြည်ကို ကုန်ကားမောင်းတာပါ။ မနက်ဖြန်ပြန်ရောက်မယ်။ အလှူအတန်းတွေလုပ်ဖို့ပဲ ရည်ရွယ်ထားတယ်။ ထီထိုးကတည်းက ရွာမှာ ဓမ္မစကူးလ်ကျောင်းဆောင်ဆောက်ဖို့ရှိတယ်။ အဲဒီလိုမျိုးလှူဖိုတော့ရှိပါတယ်” ဟု သူက ဆက်ပြောသည်။

မဆုမြတ်မွန်မှာ မုံရွာမြို့မှာရှိသည့် အောင်ဆုထူးပိုင်ထီဆိုင်တွင် ဝန်ထမ်းအဖြစ်လုပ်နေသူတစ်ဦးဖြစ်ပြီး အစ်ကိုဖြစ်သူလာရောက်သည့်အခါတွင် စပ်တူထိုးခဲ့ကြသည်ဟု ဆိုသည်။

အောင်ဆုထူးပိုင်ပင်းရင်ထီဆိုင်မှပင် (၁၁)ကြိမ်မြောက်က ထွက်ရှိသည့် အောင်ဘာလေထီ၏ အမြင့်ဆုံး ကျပ်သိန်း ၁၀၀၀၀ဆုကို ယင်းထီဆိုင်ပိုင်ရှင် ဦးစိုးဝင်းက ဆုခူးရရှိခဲ့ဖူးသည်။

သို့သော် လူမှုကွန်ယက်စာမျက်နှာများတွင် အောင်ဆုထူးပိုင် ထီဆိုင်ပိုင်ရှင် ဦးစိုးဝင်းမှ နှစ်ကြိမ်ထီပေါက်သည်ဆိုသော သတင်းမှားများ မျှဝေထားမှုများရှိနေသည်။

ထို့အပြင် ဦးစိုးဝင်း ထီထပ်မံပေါက်သည့်အတွက် အလှူပေးချင်ပါသဖြင့် ဆက်သွယ်ကြပါဟု လုပ်ကြံရေးသားထားသူများလည်းရှိနေပြန်သည်။

Photo - အောင်ဆုထူးပိုင် - မုံရွာပင်ရင်းထီဆိုင်ကြီး

ဦးစိုးဝင်းအမည်ဖြင့် ထောင်ထားသည့် page တစ်ခုလည်း ထွက်ပေါ်နေပြီး အဲဒီ pageမှာ တင်ထားသည့် ထီနှစ်ခါပေါက်သည့်အတွက် လှူချင်လို့ပါဆိုပြီး စာရင်းပေးထားပါဆိုသော post ကို ဇူလိုင်လ ၁ရက်တင်ခဲ့ပြီးတော့ (၂)နာရီအတွင်း ကြိုက်နှစ်သူ ၈၀၀ ကျော် comment ပေးသူ ၂၉၀၀ကျော်နှင့် ပြန်လည်မျှဝေသူ share လုပ်သူ ၃၅၀၀ကျော်ရှိခဲ့သည်။

ယခု(၁၇)ကြိမ်မြောက်ထီဖွင့်ပွဲတွင်အမြင့်ဆုံးဆုဖြစ်သည့် ကျပ်သိန်းတစ်သောင်းငါးထောင်ဆုကတာ့ ည ၈၅၃၀၉၅ နံပါတ်ဖြစ်ပြီးကျပ် သိန်းတစ်သောင်းဆုက  ဖ ၇၈၇၃၅၄  နောက်ထပ် အမြင့်ဆုံးဆု များဖြစ်သည့် ကျပ် သိန်းငါးထောင် ဆုတွေကတော့  ဓ ၄၀၆၈၂၀နှင့် ဃ ၈၄၇၉၃၀ တို့က ဆွတ်ခူးသွားခဲ့ကြသည်။

(၁၇)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ သတ်မှတ်ကာလအတွင် းလာရောက်ထုတ်ယူခြင်း မရှိသည့်ဘဏ္ဍာငွေမှ ကျပ်သန်း ၂၅၀ ထပ်တိုးချီးမြှင့်ခဲ့သည်။

ယခုလအတွက်ထီစာအုပ်ရောင်းချရမှုကလည်း ၃၁ သိန်းထိအကုန်ရောင်းချနိုင်ခဲ့ပြီး COVID-19 ကာလတွင်ရောင်းအားအကောင်းဆုံးလလည်းဖြစ်ခဲ့သည်။

COVID-19 စတင်ဝင်ရောက်သောလဖြစ်ခဲ့သည့်(၁၅)ကြိမ်မြောက်တွင် ထီစာအုပ်ပေါင်း ၁၈ သိန်းကျော်မရောင်းရဘဲ ကျန်ရှိနေသောကြောင့် နှစ်ရက်ဆက်တိုက်ထီဖွင့်ပွဲပြုလုပ်ပေးခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required