EU က ထိုင်းအပါဝင် ၁၅ နိုင်ငံနယ်စပ်ပြန်ဖွင့်ပေး

ဇူလိုင်  ၁

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း၌ လူပေါင်း ၅၀၅ ၀၀၀ ထက်မနည်းသေဆုံးထားချိန်တွင် ဥရောပသမဂ္ဂ (EU) သည် ဗိုင်းရပ်စ်ဒဏ်ဆိုးရွားစွာခံနေရသော အမေရိကန်မှအပ နိုင်ငံပေါင်း ၁၅ နိုင်ငံအတွက် နယ်စပ်ပြန်လည်ဖွင့်လှစ်ပေးရန် အင်္ဂါနေ့က သဘောတူခဲ့သည်။

ရက်ပေါင်းများစွာဆွေးနွေးညှိနှိုင်းပြီးနောက် EU အဖွဲ့ဝင်များသည် ဇူလိုင် ၁ ရက်မှစ၍ ကျန်းမာရေးအခြေအနေလုံခြုံစိတ်ချရသည့် နိုင်ငံများစာရင်းကို အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ရုရှား၊ တူရကီနှင့် အမေရိကန်တို့ကိုမူ ချန်လှပ်ထားခဲ့သည်။

ပြန်ဖွင့်ပေးခဲ့သော နိုင်ငံများမှာ အယ်လ်ဂျီးရီးယား၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ ဂျော်ဂျီယာ၊ မွန်တီနီဂရိုး၊ မော်ရိုကို၊ နယူးဇီလန်၊ ရဝမ်ဒါ၊ ဆားဘီးယား၊ တောင်ကိုရီးယား၊ ထိုင်း၊ တူနီးရှားနှင့်ဥရုဂွေးတို့ဖြစ်သည်။ တရုတ်နိုင်ငံက ဥရောပနိုင်ငံသားများကို နိုင်ငံနယ်နိမိတ်ပြန်ဖွင့်ပေးမည်ဆိုပါက တရုတ်မှခရီးသွားများကိုလည်း ပြန်ဝင်ခွင့်ပြုမည်ဟုဆိုသည်။

မတ်လလယ်ကတည်းက မလိုအပ်သောခရီးသွားလာမှုကို ပိတ်ဆို့ထားမှုကြောင့် ထိခိုက်နစ်နာနေသော ဥရောပ၏ ခရီးသွားလုပ်ငန်းကို ကယ်တင်ရန် နိုင်ငံအဝင်အထွက်ကန့်သတ်မှုကို ဖြေလျှော့ပေးခြင်းဖြစ်သည်။

သို့သော် ကမ္ဘာနိုင်ငံများ၌ လူပေါင်း ၁၀.၃ သန်းကျော်ရောဂါကူးစက်ခံထားရသဖြင့် ကပ်ရောဂါသည် ပြီးဆုံးနိုင်ဖွယ်မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးထားသည်။ “နိုင်ငံအချို့မှာ တိုးတက်မှုရှိပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို ကူးစက်မှုက အရှိန်ရနေတုန်းပဲ” ဟု WHO အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့တွင်ပြောသည်။

ဥရောပတွင် ရောဂါဒဏ်အခံရဆုံး ယူကေသည် ပထမသုံးလပတ်၌ စီးပွားရေး ၂.၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး နှစ်ပေါင်း ၄၀ အတွင်း အသိသာဆုံးကျဆင်းမှုဖြစ်ခဲ့သည်။ နိုင်ငံအား စီးပွားရေးကျဆင်းမှုမှ ပြန်လည်ထူထောင်နိုင်ရန် အခြေခံအဆောက်အအုံဆိုင်ရာတော်လှန်ရေးတစ်ခုပြုလုပ်ရမည်ဟု ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တနင်္လာနေ့က သန္နိဋ္ဌာန်ပြုခဲ့သည်။ ဗြိတိန်တွင် ဇူလိုင် ၄ ရက်၌ ဘားဆိုင်၊ စားသောက်ဆိုင်နှင့် အလှပြင်ဆိုင်များပြန်ဖွင့်ရန် လျာထားရာမှာ ဒေသတွင်းရောဂါပြန်လည်ဖြစ်ပွားမှုကြောင့် အင်္ဂလန်အလယ်ပိုင်း လက်စတာမြို့ရှိ ကျောင်းများနှင့် မလိုအပ်သော ဆိုင်များကို ပိတ်ရန် အစိုးရက ညွှန်ကြားခဲ့သည်။

အမေရိကန်တောင်ပိုင်းနှင့်အနောက်ပိုင်းပြည်နယ်များတွင်လည်း ကိုဗစ်-၁၉ ကူးစက်မှု ပြင်းထန်နေဆဲဖြစ်ပြီး တစ်နိုင်ငံလုံးတွင် လူပေါင်း ၂.၅ သန်းထက်မနည်း ကူးစက်ခံထားရပြီး ၁၂၆ ၀၀၀ ကျော် သေဆုံးထားသည်။

တရုတ်နိုင်ငံမှ သုတေသီများသည် နောက်ထပ်ကူးစက်မြန်ကပ်ရောဂါဖြစ်နိုင်သော တုပ်ကွေးပိုးသစ်တစ်မျိုးကို ဝက်များတွင် တွေ့ရှိထားသည်။

၂၀၀၉ ခုနှစ်က ကပ်ရောဂါဖြစ်စေခဲ့သည့် H1N1 ဝက်တုပ်ကွေး၏ မျိုးကွဲဖြစ်သည့် အဆိုပါဗိုင်းရပ်စ်ကို တရုတ်တက္ကသိုလ်များနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာမှ သိပ္ပံပညာရှင်များက  G4 ဟု အမည်ပေးထားသည်။ အဆိုပါဗိုင်းရပ်စ်သည် လူသားများအား ရောဂါကူးစက်စေရန် မရှိမဖြစ်လိုအပ်သော ဝိသေသလက္ခဏာများ ပိုင်ဆိုင်ထားသည်ဟုလည်း သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required