ထိုင်းအာဏာပိုင်များ ဖူးခက်ရှိ ကာစီနိုရုံများကို အလစ်အငိုက် ဝင်ဖမ်း၊ လူ ၈၇ ဦး အဖမ်းခံရ

ထိုင်းအာဏာပိုင်များ ဖူးခက်ရှိ ကာစီနိုရုံများကို အလစ်အငိုက် ဝင်ဖမ်း၊ လူ ၈၇ ဦး အဖမ်းခံရ

ဇူလိုင် ၁

ထိုင်းနိုင်ငံ ဖူးခက်ရှိ ကာစီနို လောင်းကစားရုံ နှစ်ခုကို ဇွန်လ ၃၀ ရက်တွင် အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်နယ်မြေစောင့်ရှောက်ရေး တပ်ဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့များက ရုတ်တရက် ဝင်ဖမ်းဆီးခဲ့ရာ လောင်းကစားသမား ၈၇ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖူးခက်ကျွန်းပေါ်တွင် ၂၄ နာရီပတ်လုံး ဖွင့်လှစ်လုပ်ကိုင်နေသည့် လောင်းကစားရုံများ ရှိနေကြောင်း သတင်းပေးတိုင်ကြားမှုကို ရခဲ့ပြီး ယခု စီးနင်းဖမ်းဆီးမှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသဆိုင်ရာ စီမံမှု စင်တာ၏ ညွန်ကြားရေးမှူး ရွန်နာရုန် သစ်ပ်စီရီက ပြောသည်။

အဆိုပါ လောင်းကစားရုံများသည် လက်ရှိ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် လူစုလူဝေးခြင်းများကို တားမြစ်ထားသည့် အမိန့်ကို ဂရုမစိုက်ဘဲ ဖွင့်လှစ်လုပ်ကိုင်နေသည်ဆိုသည့် တိုင်ကြားချက်များ ထွက်ပေါ်ထား ခဲ့ခြင်း ဖြစ်သည်။

ပထမ ကာစီနိုရုံ စီးနင်းမှုကို ညနေ ၃ နာရီ ခွဲတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယင်း ကာစီနိုရုံသည် Muang ခရိုင် tambon Talat Nua ရှိ လမ်းပေါ်က အဆောက်အအုံတစ်ခုတွင် ဖွင့်လှစ်လုပ်ကိုင်နေခြင်းဖြစ်သည်။ အဆိုပါ အဆောက်အအုံဝန်းတွင် ဆိုင်ကယ်များနှင့် ကားစီးရေ ၃၀ ခန့်အတွက် ပါကင်နေရာများ ရှိထားပြီး လေးဘက်လေးတန်ကို သတ္ထုအကာအရံများဖြင့် ကာထားသည်။

တာဝန်ရှိသူများက ယင်းလောင်းကစားရုံကို စီးနင်းဖမ်းဆီးခဲ့ရာ အမျိုးသား ၃၀ ၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၄၅ ဦးကို ဖမ်းမိခဲ့သည်။ ၎င်းတို့နှင့်အတူ လောင်းကစားပြုလုပ်ရာတွင် ပါဝင်ခဲ့သည့် ဘတ်ငွေ ၆၂,၄၂၀ နှင့် ရွှေဆွဲကြိုးတစ်ကုံးကိုလည်း သိမ်းဆည်းရမိခဲ့သည်။

တချိန်တည်းမှာပင် ဒုတိယအဖွဲ့တစ်ခုက Thalang ခရိုင် tambon Sisunthon ရှိ အခြား ကာစီနိုရုံကို ဝင်ဖမ်းခဲ့ရာ အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၂၀ ဦးတို့ကို ဖမ်းမိခဲ့သည်။ ထို့ပြင် လောင်းကစားကြေး ဘတ်ငွေ ၆၄,၂၆၀ ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ယခုအခါ ၎င်းတို့အားလုံးကို တရားမဝင် လောင်းကစားပြုလုပ်မှု၊ အမိန့်ဒီကရီ ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly